Myanmar Transparency News

ရှစ်မိုင်ကုန်းကျော်တံတားပေါ် လိုက်ထရက်ယာဥ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား၍ နှစ်ဦးသေဆုံး

၄. ၉. ၂၀၂၅

ရှစ်မိုင်ကုန်းကျော်တံတားပေါ် လိုက်ထရက်ယာဥ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား၍ နှစ်ဦးသေဆုံးမှု ယမန်နေ့ည သန်းခေါင်ယံအချိန်က ဖြစ်ပွားခဲ့သည်ဟု ကနဦး သိရသည်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ ရှစ်မိုင်ကုန်း​ကျော် တံတားအပေါ် အောက်တိုဘာ ၃ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က လိုက်ထရက်ယာဥ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားကာ လူညပ်မှုဖြစ်စဥ်ဖြစ်ခဲ့ပြီးနောက် ကယ်ထုတ်နေစဥ် သေဆုံးခဲ့ကြခြင်းဟု ကနဦး သိရသည်။

“အောက်ဆိုက်ကားတွေ အပြိုင်မောင်းရာက ဖြစ်တာလို့ပဲ ကနဦး သိရတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ အိုင်ဇုန် လိုက်ထရက်နှစ်စီး အရှိန်ပြင်းပြင်းနဲ့ ခေါင်းချင်းဆိုင် တိုက်မိထားတာ တွေ့ရတယ်။ လူနာတွေကတော့ တစ်ယောက်က ပေါင်ကျိုးတယ်။ တစ်ယောက်က ခေါင်းကွဲတယ်။ ရရှိဒဏ်ရာတွေပြင်းတော့ ကူညီကယ်ဆယ်နေရင်း ဆုံးပါးကုန်တယ်” ဟု ပါဝင်ကူညီခဲ့သူတစ်ဦးက ကနဦးတွေ့ရှိရမှုနှင့် ယင်း သိရှိရမှုဖြစ်စဥ်ကို MT News သို့ ပြောသည်။

ရှင်သန်ရေးကူညီမှုအသင်းကမူ ရှစ်မိုင်ကုန်းကျော်တံတားပေါ် ယာဥ်သုံးစီးဆင့်တိုက်သည်ဟု ရေးသားထားပြီး ထိုဖြစ်စဥ်အပေါ် မရမ်းကုန်းမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ပရဟိတအသင်းများက သွားရောက်ကူညီခဲ့ကြကာ လိုက်ထရက်ကားပေါ်မှ နှစ်ဦးသေဆုံးသည်ဟု Yangon Rescue Organization ဌာနချုပ်သို့ ပေးပို့ကူညီမှုဖြစ်စဥ်အား ​ရေးသားထားပြီး သေဆုံးသူနှစ်ဦးကို ရတနာဖြိုးလူမှုကူညီရေးအသင်းနှင့် လူထဲကလူ လူမှုကူညီရေးအသင်းယာဥ်တို့ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သေဆုံးသူ ယာဥ်မောင်းနှစ်ဦးအနက် ဦးခန့်ဝင်းထွန်းဟုဆိုသူ အသက် ၃၀ ခန့်အမျိုးသားမှာ ပေါင်ရိုးကျိုးဒဏ်ရာ၊ ဦးအောင်ကျော်ကျော်ခန့်ဆိုသူ အသက် ၂၆ နှစ်ခန့် အမျိုးသားမှာ ဦးခေါင်းကွဲဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟုလည်း ရတနာဖြိုး လူမှုကူညီရေးအသင်းမှ သိရသည်။

မူရင်းသတင်း — Myanmar Transparency News