Myanmar Transparency News

မုန်းမြို့မှာ တစ်ပတ်အတွင်း အမျိုးသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ၊ တစ်ဦးသေဆုံးပြီး တစ်ဦးခြေတစ်ဖက် ပြင်းထန်စွာထိခိုက်လို့ ဖြတ်တောက်ရ

၄.၁၀.၂၀၂၅
Written by Hey Mar

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာ မုန်းမြို့က အသက် ၄၀ ဝန်းကျင်အမျိုးသား ‌မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့တဲ့ ရက်လည်တဲ့နေ့မှာပဲ နောက်တစ်ဦးက ဥယျာဉ်ခြံဆင်းရင်း မြေမြှုပ်မိုင်း ထပ်မံ နင်းမိတဲ့ ဖြစ်စဉ် အောက်တိုဘာ ၃ ရက်နေ့ ‌မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး မုန်းမြို့မှာ ဖြစ်ပွားခဲ့ပြန်ပါတယ်။

မုန်းမြို့ရဲ့ ရပ်ကွက်ကြီး (၁) အပိုင်းမှာပဲ ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်တဲ့ အမျိုးသားက အသက် ၄၅ နှစ်အရွယ် ဦးလှမျိုးဝေ လို့ သိရပါတယ်။ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ညာ‌ခြေထောက် ပျက်စီးသွားတဲ့အတွက် တောင်ငူဆေးရုံကြီးဆီ Save The Trees Rescue Team အဖွဲ့ကပဲ သွားရောက် သယ်ဆောင်ကာ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ မုန်းအထိ မသွားတော့ဘူး။ ဟိုဘက်ကနေ နယ်ခံတွေက သယ်ပြီး ထွက်လာပေးတယ်။ ကျွန်တော်တို့က တောင်ငူကနေ သွားတယ်။ လမ်းမှာ ဆုံကြတယ်ပေါ့။ အဲ့ဒီမှာ နယ်မြေ အခြေအနေက နယ်ခံပဲ သိမှာမို့ သူတို့က သယ်ထွက်လာတာပေါ့။ မြေမြှုပ်မိုင်းကတော့ ကျွန်တော်လည်း ဖြစ်နေတဲ့ အနေအထားပေါ်တော့ ဘာမှတ်ချက်မှ မပေး‌လိုပါဘူး။ တစ်မြို့လုံး မိုင်းကွင်းလိုကို ဖြစ်နေတာပဲ။ကိုယ့်ခြံထဲကိုယ် ရဲရဲတောင် ခြေမချရဲတဲ့ အခြေအနေတွေထိ ဆိုးနေပြီ။ တစ်ပတ်အတွင်း နှစ်ယောက် တောင်‌” လို့ Save The Trees Rescue Team မှ ကိုကျော်သူရက MT News ကို ပြောပါတယ်။

လက်ရှိမှာတော့ ဦးလှမျိုးဝေကို တောင်ငူဆေးရုံကြီးမှာ ခြေထောက် ဖြတ်တောက် ခွဲစိတ်ကုသမှု ခံယူနိုင်ခဲ့ပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေဆဲ အခြေအနေလို့ သိရပါတယ်။ 

၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်း လူမှူကူညီရေး အသင်းတစ်သင်းထဲကပဲ မုန်းမြို့က မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့ရသူ ခုနစ်ဦးကို ကယ်ဆယ်ခဲ့ရပြီး လေးဦးက ကလေးတွေဖြစ်နေခဲ့တာပါ။ ကိုကျော်သူရတို့ရဲ့ Save The Trees Rescue Team ကနေ မြေမြှုပ်မိုင်းထိ လူနာတွေကို အသက်ရှင်လျက် ကူညီကယ်တင်နိုင်တာ ၇ ဦးရှိခဲ့ပြီး အဲ့ဒီအထဲက ၄ ဦးက ကလေးငယ် ယောက်ျားလေးတွေဖြစ်သလို နှစ်ဦးက သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးနဲ့ နောက်တစ်ဦးက အသက် နှစ်ဆယ်ကျော်၊ အစိတ်ဝန်းကျင် အမျိုးသမီးပါ။ နောက်တစ်ဦးကတော့ သုံးဆယ်ကျော် အမျိုးသားတစ်ဦးလို့ သိရပါတယ်။ အားလုံးက မုန်းမြို့ပေါ်နဲ့ ရွာနီးစပ်ချုပ်ကသူတွေချည်းပဲလို့လည်း သိရပါတယ်။ 

မူရင်းသတင်း — Myanmar Transparency News