Myanmar Transparency News

ကျိုက်ထိုမှ ရန်ကုန်သို့ ဘုရားဖူးလာသည့်ယာဥ် လှည်းကူး Max တိုးဂိတ်အနီးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာက ၁၆ ဦး ဒဏ်ရာရ

၅. ၁၀. ၂၀၂၅
Written by Thettant

ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့ ဘုရားဖူးလာရောက်သည့်ယာဥ် လှည်းကူး Max တိုးဂိတ်အနီးတွင် ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာက ဘုရားဖူးခရီးသည် ၁၆ ဦး ဒဏ်ရာရမှု ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု Yangon Rescue Organization (YRO) မှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က ကျိုက်ထိုမြို့မှ ရန်ကုန်သို့ ဘုရားဖူးရန်လာသော ခရီးသည်တင် Mini Bus ကားတစ်စီးသည် လှည်းကူး Max တိုးဂိတ်အနီး ဘရိတ်ပေါက်ပြီး လမ်းဘယ်ဘက်အခြမ်းဘက်ရှိ ပလက်ဖောင်းနှင့် အကာအရံများအားကျော်၍ လမ်းဘေးသို့ရောက်ရှိ တိမ်းမှောက်သွားကြောင်း သိရှိရသည်။

အဆိုပါ တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် လူ ၁၆ ဦးတွင် အဝါရောင်အဆင့် ၂ ဦးနှင့် အစိမ်းရောင်အဆင့် လူနာ ၁၄ ဦးအား လှည်းကူးပရဟိတကွန်ရက်မှ ကြက်ခြေနီများအပါအဝင် လူနာတင်ယာဥ် ၅ စီး၊ ထောက်ကြံ့ကွန်ရက်မှ လူနာတင်ယာဥ် ၂ စီး၊ YRO ရှာ/ကယ် အတွင်းရေးမှူး (မိုးပျံ)နှင့် “01” အဖွဲ့တို့မှ လူနာတင်ယာဥ် ၄ စီး တို့ဖြင့် သွားရောက်ကူညီကာ လူနာများအား လှည်းကူးဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြသည်ဟု သိရသည်။

ဓာတ်ပုံ – YRO & ရှင်သန်ရေးကူညီမှုအသင်း

မူရင်းသတင်း — Myanmar Transparency News