Myanmar Transparency News

ရန်ကုန်မြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦး အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံရမှု ယနေ့ ဖြစ်ပွား

“သေဆုံးသူမှာ အချိန်ပိုင်းလာရောက်တည်းခိုသူဖြစ်ဟုဆို”

၆.၁၀.၂၀၂၅
Written By Min Thet

ရန်ကုန်မြို့လယ်က ဟိုတယ်တစ်ခုတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦး အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခံရမှု ယနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၆ ရက် နံနက်အချိန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက် ၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel (2) ၏ အခန်း ၅၀၂ တွင် အထက်ပါအတိုင်း ခုတ်ထစ်သတ်ဖြတ်ခံထားရခြင်းလည်း ဖြစ်သည်။

အဆိုပါဟိုတယ်တွင် လူသတ်မှု ဖြစ်သည့်သတင်းကို ဟိုတယ်တာဝန်ရှိသူက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ပြောဆိုသောကြောင့် အုပ်ချုပ်ရေးမှူးက တစ်ဆင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပန်းဘဲတန်းမြို့နယ် ရဲစခန်းက အသတ်ခံရသည့် အမျိုးသမီးငယ်၏ ကိုယ်ရေးအချက်အလက်များအ ရ မိဘဆွေမျိုးများထံ ဆက်သွယ်လုပ်ဆောင်နိုင်ရေးအဖွဲ့ဖွဲ့၍ ဆောင်ရွက်နေပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

“အပိုင်းပိုင်းခုတ်ပြီးတော့ အမှိုက်ထည့်တဲ့ ပလပ်စတစ်အိတ် အပြာရောင်ထဲမှာ ထည့်ပြီး အခန်းအပြင်ဘက်က အဲကွန်း အထိုင်ရဲ့ အပေါ်မှာ တင်ထားခဲ့တာ။ အဲဒါကို သိတဲ့အချိန်က မနက် ၉ နာရီ ခွဲကျော်နေပြီ။ ဘယ်အချိန်က သတ်ခဲ့တာလဲတော့ မသိဘူး။ မှုခင်းဆရာဝန်ရဲ့ စစ်ချက်တွေလည်း လုပ်နေတုန်းပါ။ သူတို့က အချိန်ပိုင်းလာနေပြီး တည်းခိုသူတွေဆိုတော့လေ။ သတ်တဲ့သူက သူနဲ့အတူ လာတည်းတဲ့သူ ဖြစ်နိုင်တယ်လို့ သံသယတရားခံ သတ်မှတ်ထားတယ်။အခုတော့ သက်ဆိုင်ရာက CCTV တွေကို ကြည့်ရှု စစ်ဆေးနေတယ်။ လမ်းကြောင်းအတိုင်းပဲ ပိုက်စိပ်တိုက် ရှာနေတာပေါ့။ အခုတော့လေ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူက MT News ကို ပြောသည်။

မူရင်းသတင်း — Myanmar Transparency News