Myanmar Transparency News

ဘယ်လာရုစ်အဆိုတော်နှင့် မော်ဒယ်လ်တစ်ဦး မြန်မာနိုင်ငံမှ ကျားဖြန့်ဂိုဏ်းများတွင် လူကုန်ကူးခံရပြီးနောက် အသတ်ခံရကာ ကိုယ်တွင်းအင်္ဂါများ ရောင်းချခံခဲ့ရသည်ဟု သတင်းထွက်

၁၆. ၁၀. ၂၀၂၅

Translated by Thettant

ဘယ်လာရုစ်နိုင်ငံ၏ “Voice” ရုပ်မြင်သံကြားအစီအစဉ်မှ ပြိုင်ပွဲဝင်ဟောင်း ဗီရာ ခရာ့ဗ်ဆိုဗာ (Vera Kravtsova) သည် မြန်မာနိုင်ငံ၌ ဆိုးဝါးစွာ သေဆုံးခဲ့ရပြီး သူမသည် ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်ဖောက်ကားသူများ၏ သားကောင် ဖြစ်ခဲ့သည်ဟု သံသယရှိရကြောင်း Medianews.az က သတင်းဖော်ပြသည်။

အဇာဘိုင်ဂျန် (Azerbaijan) နိုင်ငံ၏ ထိပ်တန်း အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်သော Oxu.az ၏ ဖော်ပြချက်အရ ဘယ်လာရုစ်၏ မြို့တော် မင့်စ်ခ် (Minsk) ဒေသခံ အသက် ၂၆ နှစ်အရွယ် ဗီရာသည် မော်ဒယ်လ်လုပ်ငန်း လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ ခရီးထွက်ခဲ့သည်။

သို့သော်လည်း သူမသည် နိုင်ငံတကာ လူကုန်ကူးမှုကွန်ရက်၏ သားကောင် ဖြစ်သွားခဲ့သည်။

ခရာ့ဗ်ဆိုဗာသည် လူကုန်ကူးသူများ၏ လိမ်လည်လှည့်ဖြားခံရပြီး စက်တင်ဘာ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကာ ကျားဖြန့်ဂိုဏ်းများတွင် အဓမ္မလုပ်အားစေခိုင်းမှု ခံခဲ့ရသည်။ ထိုနေရာတွင် သူမသည် ချိန်းတွေ့ရေး ဝက်ဘ်ဆိုတ်များ၌ အယောင်ဆောင် ပရိုဖိုင်များ ပြုလုပ်ရန် အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။

အောက်တိုဘာ ၄ ရက်နေ့တွင် သူမနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဖမ်းဆီးသူများက သူမ၏ ဆွေမျိုးများထံမှ သူမပြန်လွတ်လိုပါက ဒေါ်လာ ၅ သိန်း (၅၀၀,၀၀၀) ပေးရန် တောင်းဆိုခဲ့သည်။

ထို့နောက်တွင်မူ ရာဇဝတ်သားများက ဗီရာ သေဆုံးသွားပြီဖြစ်ကြောင်းနှင့် သူမ၏ ရုပ်အလောင်းကို မီးရှို့ဖျက်ဆီးလိုက်ပြီ ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်။ အတည်မပြုနိုင်သေးသော သတင်းများအရ အဆိုပါ အမျိုးသမီး၏ ကိုယ်တွင်းအင်္ဂါများ ရောင်းချခံခဲ့ရပြီး ပြာများကိုလည်း ဖျက်ဆီးပစ်ခဲ့သည်ဟု သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရုရှား၊ အဇာဘိုင်ဂျန်စသည့် နိုင်ငံတကာသတင်းဌာနများက သတင်းဖော်ပြနေသော်လည်း ဘယ်လာရုစ်အစိုးရဘက်ကမူ တရားဝင် ထုတ်ပြန်လာခြင်းမရှိသေးပေ။

Ref, Medianews.az

မူရင်းသတင်း — Myanmar Transparency News