Myanmar Transparency News

အသက် ၆ နှစ်အရွယ် သမီးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု မှတ်တမ်းများ လက်ဝယ်ထားရှိမှုဖြင့် အသက် ၇၂ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသားကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

သက်တံ့

၁၂. ၁၁. ၂၀၂၆

အသက် ၆ နှစ်အရွယ် သမီးငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု မှတ်တမ်းများ လက်ဝယ်ထားရှိမှုဖြင့် အသက် ၇၂ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဖမ်းဆီးလိုက်သလို အမှုနှင့် ဆက်စပ်နေသော အီလက်ထရွန်နစ် ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။

“Bitter Choc” ဟု လျှို့ဝှက်အမည်ပေးထားသော အဆိုပါ စစ်ဆင်ရေးဆိုင်ရာ အစီရင်ခံစာကို DSI ညွှန်ကြားရေးမှူးချုပ် ရဲမှူးကြီး ပီယ ရက်ဆာကူးလ် (Pol. Cap. Piya Raksakul) ထံသို့ DSI နည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာ ရာဇဝတ်မှုဌာနခွဲမှ အကြီးတန်းအရာရှိများက တင်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီရင်ခံစာကို ဌာနခွဲညွှန်ကြားရေးမှူး ရဲမှူးကြီး ခီမာချတ် ပရာကိုင်ဟောင်မာနီး (Pol. Cap. Khemachart Prakaihongmanee)၊ ဒုတိယညွှန်ကြားရေးမှူး ယော့ဆန် ရူအန်ဆန်ဂွမ်ဆီရီ (Yossan Ruangsanguamsiri) နှင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ဌာနစိတ် ညွှန်ကြားရေးမှူး ကန်နီကာ ဆွတ်ဆွန်နေးလ် (Kannika Suksomnil) တို့က ပေးပို့ခဲ့ခြင်းဖြစ်သည်။

DSI ထောက်လှမ်းရေးနှင့် စောင့်ကြည့်စစ်ဆေးရေးစင်တာမှ အရာရှိများသည် ချွန်ဘူရီခရိုင်၊ ဘန်လာမွန် (Bang Lamung) မြို့နယ်တွင် အခြားအဖွဲ့အစည်းများစွာနှင့် ပူးပေါင်း၍ အဆိုပါ စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့အစည်းများတွင် ဗဟိုမှုခင်းသိပ္ပံဌာန (Central Institute of Forensic Science)၊ လူဝင်မှုကြီးကြပ်ရေးဗျူရို၊ ဆွစ်ဇာလန်ရဲတပ်ဖွဲ့၊ Free A Girl အဖွဲ့၊ နိုင်ငံတကာရဲတပ်ဖွဲ့အသင်း (IPA)၊ OUR Rescue ဖောင်ဒေးရှင်း၊ ချွန်ဘူရီခရိုင် လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးရုံးနှင့် ချွန်ဘူရီ ကလေးသူငယ်နှင့် လူငယ်စောင့်ရှောက်ရေးဂေဟာတို့ ပါဝင်သည်။

သံသယဖြစ်ဖွယ် ကလေးသူငယ် အမြတ်ထုတ်မှု ကွန်ရက်ကို DSI ဖော်ထုတ်

အွန်လိုင်းပေါ်တွင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု မှတ်တမ်းများ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဖြန့်ဝေခြင်းနှင့် ထိုင်းနိုင်ငံအတွင်း ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း သို့မဟုတ် အမြတ်ထုတ်ခြင်းတို့ လုပ်ဆောင်နေသည်ဟု သံသယရှိသော နိုင်ငံခြားသားတစ်စုကို တရားစွဲဆိုအရေးယူပေးရန် Free a Girl USA အဖွဲ့က တောင်းဆိုရာမှ ဤအမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း DSI က ပြောကြားသည်။

DSI ၏ အဆိုအရ စုံစမ်းစစ်ဆေးသူများသည် အာသာ (Arthur) ဟုသာ အမည်ဖော်ပြထားသည့် ဆွစ်ဇာလန်နိုင်ငံသားသံသယရှိသူတွင် ထိုင်းဇနီးသည်နှင့် ရရှိထားသော သမီးတစ်ဦးရှိကြောင်း တွေ့ရှိခဲ့သည်။ အယ်လ်ဆာ (Elsa) ဟု အမည်လွှဲပေးထားသည့် အဆိုပါ မိန်းကလေးငယ်မှာ အသက် ၆ နှစ်အရွယ် ရှိပြီဖြစ်သည်။ ကျူးလွန်သူသည် သမီးဖြစ်သူကို ညဘက်အချိန်များတွင် ပတ္တရားရှိ ညပိုင်းဖျော်ဖြေရေးနေရာများသို့ ပုံမှန်ခေါ်ဆောင်သွားလေ့ရှိကြောင်း DSI က ပြောသည်။

မိန်းကလေးငယ်သည် နှစ်နှစ်ကျော်ကြာ ဆက်တိုက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရသည့် လက္ခဏာများရှိနေပြီး သူမ၏ အသက်အရွယ်နှင့် မလိုက်ဖက်သော အမူအကျင့်များ ပြသနေကြောင်း စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့သည်ဟု DSI က ဆိုသည်။ ထို့ပြင် ဆွစ်ဇာလန် အာဏာပိုင်များသည်လည်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု သံသယဖြင့် အာသာ့ကို ယခင်က စစ်ဆေးခဲ့ဖူးသော်လည်း ထိုစဉ်က အမှုဖွင့်အရေးယူရန် သက်သေအထောက်အထား လုံလောက်မှု မရှိခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးသူများသည် အာသာ့ထံမှ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု မှတ်တမ်းများ လက်ဝယ်ထားရှိမှုနှင့် ဆက်စပ်သော ပစ္စည်းများကို တွေ့ရှိခဲ့သည့်အပြင် ၎င်းသည် ပတ္တရားနှင့် အခြားခရိုင်များစွာမှ အလားတူ အပြုအမူမျိုး လုပ်ဆောင်နေသည်ဟု သံသယရှိသော အခြားနိုင်ငံခြားသားများနှင့်လည်း အနီးကပ် အဆက်အသွယ် ရှိနေကြောင်း တွေ့ရှိခဲ့သည်။

အဆိုပါ အဖွဲ့ဝင်များသည် ဖျော်ဖြေရေးနေရာများတွင် မကြာခဏ တွေ့ဆုံလေ့ရှိကြောင်း DSI က ပြောသည်။ ယင်းအဖွဲ့ဝင်များက မိန်းကလေးငယ်များကို သန့်စင်ခန်းထဲသို့ ခေါ်သွားပြီး ပုံမှန်မဟုတ်ဘဲ အချိန်အတော်ကြာအောင် နေထိုင်နေကြသဖြင့် ဝန်ထမ်းများက သံသယဝင်ကာ အထဲသို့ ဝင်ရောက်၍ အကြိမ်ကြိမ် ခေါ်ထုတ်ခဲ့ရကြောင်း သိရသည်။ ယင်းအချက်က ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေသည့် ကွန်ရက်တစ်ခုနှင့် ဆက်နွှယ်နေနိုင်ကြောင်း ညွှန်ပြနေသော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ခြင်း ရှိ၊ မရှိကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ဒစ်ဂျစ်တယ် သက်သေများ သိမ်းဆည်းရမိပြီးနောက် ဆွစ်ဇာလန်နိုင်ငံသား သံသယရှိသူ ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၁ ရက် နှောင်းပိုင်းတွင် DSI သည် ရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းဖြင့် အဆိုပါ ဆွစ်ဇာလန်အမျိုးသားကို ဖမ်းဆီးခဲ့သည်။ ရာဇသတ်ကြီး ဥပဒေနှင့် ပြင်ဆင်ထားသည့် ၂၀၀၄ ခုနှစ် အထူးအမှုအခင်း စုံစမ်းစစ်ဆေးရေး အက်ဥပဒေတို့အရ မိမိကိုယ်တိုင် သို့မဟုတ် အခြားသူများ၏ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုအတွက် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု မှတ်တမ်းများ လက်ဝယ်ထားရှိမှုဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။

၎င်းကို ဘန်လာမွန်မြို့နယ်ရှိ နိုင်ငံတကာကျောင်းတစ်ကျောင်း အပြင်ဘက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် အရာရှိများသည် ပတ္တရားခရိုင်တရားရုံး၏ ဝရမ်းဖြင့် မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့သည်။ ၎င်းတို့သည် အီလက်ထရွန်နစ် ပစ္စည်းအများအပြားနှင့် အခြား ဇီဝဗေဒဆိုင်ရာ သက်သေအထောက်အထားများကို တွေ့ရှိခဲ့ပြီး နက်နက်ရှိုင်းရှိုင်း မှုခင်းဆေးပညာ စစ်ဆေးမှုများ ပြုလုပ်ရန် ဓာတ်ခွဲခန်းသို့ ပေးပို့သွားမည်ဖြစ်သည်။

DSI သည် ၎င်းကို ထပ်မံစစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့ပြီး တရားမစွဲဆိုမီ ချုပ်နှောင်ထားရန် ရာဇဝတ်တရားရုံးသို့ ပို့ဆောင်ခဲ့သည်။ စွဲချက်များအပေါ် ၎င်းက တုံ့ပြန်ဖြေရှင်းခြင်း သို့မဟုတ် အပြစ်ရှိကြောင်း၊ မရှိကြောင်း ထွက်ဆိုခြင်း ရှိ၊ မရှိကိုမူ DSI က ထုတ်ပြန်ခြင်း မရှိပေ။

ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကို DSI က ဦးစားပေးလုပ်ဆောင်ပြီး ပြည်သူများ နိုးနိုးကြားကြားရှိရန် တိုက်တွန်း

ဗဟိုမှုခင်းသိပ္ပံဌာနမှ အရာရှိများသည် မိန်းကလေးငယ်အား ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စစ်ဆေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ်ပေးခဲ့သည်။ ၎င်းတို့သည် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန်အတွက် သိပ္ပံနည်းကျ သက်သေအထောက်အထားများနှင့် သက်သေထွက်ဆိုချက်များကို စုဆောင်းသွားမည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် DSI သည် ကလေးသူငယ်များနှင့် နီးနီးကပ်ကပ် နေထိုင်သူများ သို့မဟုတ် ကလေးများကို ပြုစုစောင့်ရှောက်ရန် ယုံကြည်အပ်နှံထားသူများ၏ နောက်ကြောင်းရာဇဝင်နှင့် အပြုအမူများကို စစ်ဆေးကြရန်နှင့် ကလေး၏ ခန္ဓာကိုယ်၊ စိတ်ခံစားမှုနှင့် အပြုအမူ ပြောင်းလဲမှုများကို စောင့်ကြည့်ကြရန် အများပြည်သူအား တိုက်တွန်းခဲ့သည်။ ထို့ပြင် ကလေးငယ်များ ရင်ဖွင့်ပြောဆိုနိုင်မည့် လုံခြုံသော နည်းလမ်းတစ်ခု ဖန်တီးပေးရန်နှင့် သံသယဖြစ်ဖွယ် အပြုအမူရှိသူများနှင့် ကလေးငယ်များကို နှစ်ဦးတည်း ထားခဲ့ခြင်းမှ ရှောင်ကြဉ်ကြရန်လည်း အကြံပြုထားသည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News