Myanmar Transparency News

မကွေးမှာ ဆီဘောက်ဆာ၊ လိုက်ထရက်နဲ့ ဆိုင်ကယ်တိုက်မိရာက လူ ၆ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

၂၂.၁၀.၂၀၂၅
Written by Hey Mar

ဆီဘောက်ဆာယာဉ်၊ လိုက်ထရက်ကားနဲ့ ဆိုင်ကယ်တိုက်မိရာက လူ‌ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ် ဒီနေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ အချိန်ခန့်က ‌မကွေးတိုင်းဒေသကြီး၊ ကွေးမြို့၊ ကံလှရွာထိပ်ကွေ့အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ‌လူမှုကူညီရေး အသင်းတချို့ထံကနေ သိရပါတယ်။

ဆီဘောက်ဆာကားနဲ့ လိုက်ထရက်ကားတို့ တိုက်မိရာမှာ အသေအဆုံးများကြောင်း ဆက်သွယ်ရေးကွန်ရက်ကနေ သတင်းရရှိကြတာကြောင့် မကွေးမြို့အခြေစိုက် မြေပြင်လူမှုကူညီရေးအသင်း၊ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းနဲ့ မိတ်ဖက်အသင်းမှ ပရဟိတအသင်းသားတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကူအညီပေးနိုင်ဖို့ ထွက်ခွာခဲ့ရာ ယာဉ်တိုက်မိတဲ့ အရှိန်ကြောင့် လိုက်ထရက်ယာဉ်မှာ ကိုယ်ထည်တစ်ခုလုံးပျက်စီးကာ ယာဉ်ပေါ်ပါ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး နေရာတင်သေဆုံးခဲ့ပြီး ဆီဘောက်ဆာ ယာဉ်ပေါ်မှ ယာဉ်မောင်းဖြစ်သူ ခါးပြတ်ထွက်သေဆုံးခဲ့သလို ယာဉ်အကူမှာ ဦးခေါင်းပွင့်ထွက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လိုက်ထရက်ယာဉ်နဲ့ ဆိုင်ကယ်ပေါ်မှ ဒဏ်ရာရရှိသူ လေးဦးကို ဆေးရုံတင်ပို့နေစဉ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် ဖြစ်စဉ်အတွင်း သေဆုံးသူ ၆ ဦး ရှိခဲ့ပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်းကယာဉ်တွေနဲ့ မကွေးပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း ကနဦးအခြေအနေကို သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News