Myanmar Transparency News

အောက်ဆိုက်ကားနဲ့ တက္ကစီ မီးပွိုင့်အဖြတ်မှာ တိုက်မိပြီး လူခုနစ်ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးမှု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွား

၂၅.၁၀.၂၀၂၅
Written by Hey Mar

အောက်ဆိုက်ကားနဲ့ တက္ကစီ မီးပွိုင့်အဖြတ်မှာ တိုက်မိပြီး လူခုနစ်ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးစေခဲ့တဲ့ဖြစ်စဉ် ဒီနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၇ နာရီဝန်းကျင်က ရန်ကုန်မြို့လည်‌ခေါင်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လင်းလက်လူမှုကူညီ‌ရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်အောင်ကျော်လမ်းဆုံရာ မီးပွိုင့်အနီးမှာဖြစ်ပွားခဲ့ပြီး မီးနီကို ကပ်ဖြတ်ကာ ကမ်းနားလမ်းဘက်ကနေတက်လာတဲ့ တက္ကစီကို မဟာဗန္ဓုလ လမ်းပေါ်ကနေ ဖြတ်လာတဲ့ Light Truck အောက်ဆိုက်ကားက တိုက်မိမလို ဖြစ်တာကြောင့် ရှောင်တိမ်းရာ တက္ကစီရဲ့ နောက်ပိုင်းကိုပဲ ပွတ်တိုက်မိ‌ပေမယ့် Light Truck ယာဉ်မှာ အရှိန်လွန်တိမ်းမှောက်ခဲ့ကာ ယာဉ်‌ပေါ်ပါသူတွေထိခိုက်‌ သေဆုံးမှုဖြစ်ခဲ့တာလို့ သိရပါတယ်။

ယာဉ်တိုက်မှု‌ကြောင့် အသက် ၆၀ နှစ်အရွယ် Light Truck ယာဉ်မောင်းမှာ ကားအတွင်းညပ်ကာသေဆုံးခဲ့ပြီး လူနာစုစုပေါင်း အမျိုးသား ၄ ဦး၊ အမျိုးသမီးလူနာ ၃ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို သက်ဆိုင်ရာတာဝန်ရှိသူ‌တွေရဲ့ စီစဉ်ညွှန်ကြားချက်နဲ့ လူမှုကူညီရေးအသင်းတွေက ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့အပ်ရာ PR 044 နဲ့ လက်ခံထားရှိကြောင်း သိရပါတယ်။

မူရင်းသတင်း — Myanmar Transparency News