Eleven Media Group

မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ ဆီးဂိမ်းစ်အုပ်စုအဖွင့်ပွဲတွေ ဒီနေ့ ယှဉ်ပြိုင်ကစားမယ်

Photo: MFF

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ အုပ်စုအဖွင့်ပွဲတွေကို ဒီနေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အမျိုးသားဘောလုံးအသင်းက မြန်မာစံတော်ချိန် ညနေ (၅း၃၀)နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို၊ အမျိုးသမီးဘောလုံးအသင်းကလည်း မြန်မာစံတော်ချိန် ညနေ (၃း၃၀)နာရီမှာ ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
အမျိုးသားဘောလုံးပြိုင်ပွဲမှာ အသက်(၂၂)နှစ်အောက် ယူ-၂၂ အသင်းတွေသာ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(C)မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့အတူ ကျရောက်နေပါတယ်။
အမျိုးသမီးဘောလုံးပြိုင်ပွဲမှာတော့ လက်ရွေးစင်အဆင့်အဖြစ် အသက်ကန့်သတ်မထားဘဲ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(B)မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့အတူ ကျရောက်နေပါတယ်။
အမျိုးသားဘောလုံးပြိုင်ပွဲမှာ အုပ်စု(၃)ခုက အုပ်စုပထမရတဲ့အသင်းတွေနဲ့ အကောင်းဆုံးအုပ်စုဒုတိယရရှိတဲ့တစ်သင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခွင့်ရမှာဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲမှာတော့ အုပ်စုပထမနဲ့ ဒုတိယရတဲ့ အသင်းတွေ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။
အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက အင်ဒိုနီးရှားဖြစ်ပြီး၊ အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက ဗီယက်နမ်ဖြစ်တာကြောင့် မြန်မာအသင်းတွေက လက်ရှိချန်ပီယံအသင်းတွေနဲ့ အုပ်စုအဆင့်မှာ ဆုံတွေ့နေကြခြင်းလည်းဖြစ်ပါတယ်။

မူရင်းသတင်း — Eleven Media Group