Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ပြင်သစ်အသင်း အလားအလာအကောင်းဆုံးလို့ အာစင်ဝင်းဂါး ခန့်မှန်း

Photo: X

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ပြင်သစ်အသင်း အလားအလာအကောင်းဆုံးလို့ သုံးသပ်ခန့်မှန်းမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ သုံးနိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြုလုပ်မယ့် မဲခွဲပွဲမတိုင်မီ ဂျာနယ်လစ်တွေနဲ့ ဆုံတွေ့ချိန်မှာ အာစင်ဝင်းဂါးက အဲဒီလို ခန့်မှန်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
''အင်္ဂလန်က ကမ္ဘာ့ဖလားရဲ့ ရေပန်းအစားဆုံးစာရင်းထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ သူတို့ အမြဲတမ်းလည်း ချန်ပီယံဆုနဲ့ နီးစပ်ပါတယ်။ ပြီးတော့ ချန်ပီယံဆု ရယူရမယ့်အချိန်လည်း ဖြစ်နေပြီး ရယူနိုင်တဲ့ အရည်အသွေးလည်း ရှိနေပါတယ်။ ဒါပေမဲ့ ပြင်သစ်က စူပါဖေးဘရိတ်အသင်းဖြစ်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက အကြောင်းပြချက်တစ်ခုပါ။ ပြင်သစ်က တခြားအသင်းတိုင်းထက် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေ ပိုပြီးရှိနေပါတယ်။ အရန်ခုံက ကစားသမားတွေကလည်း ခြားနားတဲ့ အရည်အချင်းတွေ ရှိနေကြပါတယ်'' လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်(ဖီဖာ)ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲရာမှာ ရေပန်းအစားဆုံးနှစ်သင်း ဖြစ်တဲ့ ပြင်သစ်နဲ့ အင်္ဂလန်တို့ကို ဗိုလ်လုပွဲ မတိုင်မီ ဆုံတွေ့ရခြင်းမရှိစေရန် ပွဲစဉ်လမ်းကြောင်း သတ်မှတ်ရေးဆွဲမယ်လို့ သိရပါတယ်။
မဲခွဲပွဲမတိုင်ခင် ချန်ပီယံဆုအတွက် အလေးပေးမှုတွေမှာတော့ စပိန်အသင်းက ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး အင်္ဂလန်နဲ့ ပြင်သစ်က ဒုတိယနေရာမှာ ရှိနေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group