Eleven Media Group

ဆန်းတို့စ်အသင်းသာ ဦးစားပေးဖြစ်နေပြီး အနာဂတ်အကြောင်း မစဉ်းစားသေးဘူးလို့ နေမာ ပြောကြား

Photo: X

ဆန်းတို့စ်အသင်းခေါင်းဆောင် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက လက်ရှိအချိန်မှာ ဆန်းတို့စ်အသင်းသာ ဦးစားပေးဖြစ်နေပြီး အနာဂတ်အကြောင်း မစဉ်းစားသေးဘူးလို့ ပြောကြားခဲ့ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းနဲ့ အခု ဒီဇင်ဘာလကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပကို ပြောင်းရွှေ့ကစားဖို့ စဉ်းစားနေကြောင်း သတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဒူးဒဏ်ရာရရှိထားပြီး ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေတာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေ ရှိနေပါတယ်။
နေမာဟာ ဒဏ်ရာကို ကုသမှုပြုလုပ်ရမှာဖြစ်ပေမဲ့ ဆန်းတို့စ်အသင်းက တန်းဆင်းအန္တရာယ်က လွတ်မြောက်ဖို့ ရုန်းကန်နေရတာကြောင့် ဆက်ကစားပေးနေပြီး ပြီးခဲ့တဲ့ ဂျူဗန်ကျုဒ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။
အနာဂတ်အတွက် မေးမြန်းမှုကို နေမာက ''ကျွန်တော့်အနာဂတ်လား။ ကျွန်တော် မသိပါဘူး။ အရိုးသားဆုံးပြောရရင် ကျွန်တော့်မှာ ဘာအစီအစဉ်မှ မရှိပါဘူး။ ပထမဆုံး ဒီရာသီကို၊ ဘရာဇီးလ်ချန်ပီယံရှစ်ကို အပြည့်အဝအဆုံးသတ်စေချင်ပါတယ်။ ပြီးတော့မှ အနာဂတ်အကြောင်း စဉ်းစားမှာပါ။ အခု ကျွန်တော့်ရဲ့ ဦးစားပေးက ဆန်းတို့စ်အသင်း ဖြစ်နေတုန်းပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group