Eleven Media Group

■ ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပသည့်နေ့တွင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် ကယားပြည်နယ်တို့၌ Drone များဖြင့် Drop Bomb ချတိုက်ခိုက်ခံရမှုများကြောင့် ဝန်ထမ်းနှစ်ဦး သေဆုံး

ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပသည့်နေ့တွင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် ကယားပြည်နယ်တို့၌ Drone များဖြင့် Drop Bomb ချ တိုက်ခိုက်ခံရမှုများကြောင့် ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပသည့် ဇန်နဝါရီ ၁၁ ရက်တွင် ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများ သေဆုံး၊ ဒဏ်ရာရ၊ အထိတ်တလန့်ဖြစ်စေပြီး ရွေးကောက်ပွဲအထမမြောက်စေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားအုပ်စုသည် ကယားပြည်နယ်၊ ဖရူဆိုမြို့အတွင်းသို့ Drone များအသုံးပြု၍ Drop Bomb ချတိုက်ခိုက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးအုပ်စု၊ တောင်သုံးလုံးကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်အား မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နှင့် ကံမမြို့များအတွင်းသို့ Fixed Wing များ၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ဘုတလင်မြို့နှင့် မြင်းမူမြို့များအတွင်းသို့ လက်လုပ်ရှော့ တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့အတွင်းသို့ Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြသဖြင့် ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ပြီး ဝန်ထမ်းနှစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group