Eleven Media Group

■ ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း မိုင်တိုင်အမှတ် ၁၉  မီးသတ်ကွေ့တွင် နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ် ချောက်ထဲကျကာ ခြောက်ဦး သေဆုံး

ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း မိုင်တိုင်အမှတ် ၁၉ မီးသတ်ကွေ့တွင် အောက်တိုဘာလ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်မှ ဘရိတ်ပေါက်ကာ အငှားယာဉ်Nissan Wingroad အား တိုက်မိခဲ့ပြီး ချောက်ထဲ ထိုးကျသွားခဲ့ကြောင်း သိရှိရသည် ။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မှ ထွက်ခွာလာသည့် နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၉ မီးသတ်ကွေ့အရောက်တွင် Nissan Wingroad ခရီးသည်တင် အငှားယာဉ်အား တိုက်မိကာ ချောက်အတွင်း ထိုးကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည် ။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားယာဉ်မောင်းမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရပြီး ခရီးသည် ၃၀ ကျော် လိုက်ပါလာသည့် နယူးမန္တလာထွန်းယာဉ်ပေါ်မှ ခရီးသည် ၅ ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ စုံစမ်းသိရှိရသည် ။

ပြင်ဦးလွင်-မန္တလေး အဆင်းလမ်း(၁၉)မိုင်တွင် ပြင်ဦးလွင်မှ မန္တလေးသို့ မောင်နှင်လာသော YU TONG အမျိုးအစား Expressယာဉ်ဘရိတ်ပေါက်ပြီး မန္တလေးမှ ပြင်ဦးလွင်သို့မောင်းနှင်လာသော NISSAN WINGROAD AD VAN အမျိုးအစား(ခဲရောင်)နှင့် မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး Express ယာဉ်သည် ပေအနက်(၅၀)ခန့်ရှိလမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်သို့ မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည် ။

အဆိုပါဖြစ်စဉ်ကြောင့် NISSAN WINGROAD AD VAN အမျိုးအစား (ခဲရောင်)ယာဉ်မောင်းကျား(၁)ဦး(ေ-သဆုံး)၊ YU TONG အမျိုးအစား Express ယာဉ်ပေါ်ပါ (၂၉) ဦး အနက် (၅)ဦး(ေ-သဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ(၁၂)ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပျောက်ဆုံးနေသူ(၁၂)ဦးအား ဆက်လက်စုံစမ်းရှာဖွေလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည် ။

“မီးသတ်ကွေ့ ခရီးသည်ယာဉ်တိမ်းမှောက်မှုမှာ အမျိုးသား ၃ ဦး၊အမျိုးသမီး ၂ ဦး ကလေး တစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီး ကျန်သောခရီးသည်များမှာထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ် ။ မန္တလေးဆေးရုံကြီးနဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ခရိုင်/မြို့နယ်မီးသတ်အဖွဲ့များနှင့် သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက လူနာတင်ယာဉ်(၆)စီး၊ အခြားလူမှူကူညီရေးအသင်းများမှ အသီးသီး ပို့ဆောင်ကူညီခဲ့ပါတယ် " ဟုသန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည် ။

မူရင်းသတင်း — Eleven Media Group