Eleven Media Group

■ မော်လမြိုင်မြို့တွင် တပ်မတော်မှ အရာရှိအဖြစ် ဟန်‌ဆောင်သူ အမျိုးသားတစ်ဦးအား အမှုဖွင့် အရေးယူ

မော်လမြိုင်မြို့တွင် တပ်မတော်မှ အရာရှိအဖြစ် ဟန်‌ဆောင်သူ အမျိုးသားတစ်ဦးအား မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက် ညနေ ၅ နာရီ ခန့်က မော်လမြိုင်မြို့၊ ဖက်ခင်းလမ်းရှိ သံလွင်သန်း ဟိုတယ်သို့ ကရင်ပြည်နယ် မြဝတီမြို့နေ ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်း ဆိုသူရောက်ရှိလာပြီး၊ အခန်းငှားစဉ် အခန်းမရသဖြင့် ၎င်းမှ ဟိုတယ်ဝန်ထမ်းများအား ၎င်းသည် တပ်မတော်အရာရှိ တစ်ဦးဖြစ်ကြောင်း၊ တာဝန်ဖြင့်လာရောက်ခြင်း ဖြစ်သည့်အတွက် အခန်းပေးရန် ပြောဆိုခဲ့သည်။

ထို့အပြင် ‌အောက်တိုဘာ ၃၀ ရက် ၊ ည ၇ နာရီ ခန့်ကလည်း မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်ရှိ ရွှေအိမ်စည် စားသောက်ဆိုင်၌ ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်း ဆိုသူမှာ ၎င်း၏ အသိမိတ်ဆွေများနှင့် စားပွဲပြုလုပ်နေစဉ် ၎င်းမှာ တပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ် (၄၇) ဆင်းဖြစ်ကြောင်းကို မိတ်ဆက်ပြောဆိုနေကြောင်း သတင်းအရ သက်ဆိုင်ရာက ခေါ်ယူးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရသည်။

သက်ဆိုင်ရာက စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်း မှာ တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ရဲုးဌာနများသို့ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်‌ပြေ ချောမွေ့စေရန် တပ်မတော်မှ အရာရှိတစ်ဦးဖြစ်သည်ဟု မိတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် တပ်မတော်မှ အရာရှိတစ်ဦးဖြစ်သည် ဟု ဟန်ဆောင်ကာ ပြောဆိုခဲ့ကြောင်းကို ဝန်ခံထွက်ဆိုချက် ပေးထားသည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး ကပြောကြားသည်။

၎င်းကဆက်လက်ပြီး "ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်း ဆိုသူထံကနေ ရန်ကုန်တိုင်းစစ်ဌာနချုပ် (၆၁) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ (၁၂-၇-၁၉၆၅ - ၁၂-၇-၂၀၂၆) ပါ မှတ်စုစာအုပ်တစ်အုပ် ၊ ၎င်းရဲ့ အသုံးအဆောင်ပစ္စည်း(၁၇) မျိုး နှင့်အတူ သူစီးနင်းလာတဲ့ MDY - 12 3Q/---- နံပါတ်တပ် TOYOTA REVO အဖြူရောင် မော်တော်ယာဉ်တစ်စီးကို တွေ့ရှိ သိမ်းဆည်းခဲ့တယိလို့ သိရပါတယ်" ဟု ပြောကြားသည်။

၎င်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ဒေါနအောင်မြေလမ်းနေ အသက် (၃၀) နှစ်အရွယ် ငြိမ်းချမ်းအောင် (ခ) ကိုငြိမ်း ဆိုသူအား နိုဝင်ဘာ ၆ ရက်က မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၂၇၅/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၄၀) အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

မူရင်းသတင်း — Eleven Media Group