
ချောင်းဆုံမြို့နယ် ကတောင်စိန်ကျေးရွာတွင် ငွေချေးယူ ထားသူမှ အကြွေးရှင်ဖြစ်သူအား သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၃ ရက် ည ၉ နာရီ ခန့်က ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာနေ အသက် (၅၂) နှစ်အရွယ် ဦးဝင်းအောင် ဆိုသူထံသို့ ၎င်းထံမှ ငွေချေးထားသူ ချောင်းဆုံမြို့နယ် ကုလားတို့ကျေးရွာနေ အသက် (၃၈) နှစ်အရွယ် မျိုးချစ်ဆိုသူမှ ၎င်းချေးယူထားသည့် ငွေအား ပြန်လည်ပေးဆပ်ရန် ကတောင်စိ်နကျေးရွာရှိ မေတ္တာသီတဂူတောရကျောင်းသို့လာရောက်ရန်ချိန်းဆိုခဲ့သည်။
ဦးဝင်းအောင်မှ ဇနီးဖြစ်သူ ဒေါ်နီနီလွင်နှင့်အတူ ဆိုင်ကယ်ဖြင့် မျိုးချစ်ဆိုသူချိန်းဆိုသည့်နေရာသို့သွားရောက်ခဲ့ကြာရာ မျိုးချစ်အား မတွေ့ရ၍ ဖုန်းဖြင့်ဆက်သွယ်ရာ မျိုးချစ်မှ ဘုန်းကြီးကျောင်းအပြင်ဘက်သို့ လာရောက်ရန် ပြောသဖြင့် မေတ္တာသီတဂူတောရကျောင်းမုခ်ဝ သို့ ဆိုင်ကယ်ဖြင့် ပြန်မောင်းလာပြီး မုခ်မအရောက်တွင် ဦးဝင်းအောင်မှ ဆိုင်ကယ်ပေါ်မှ ဆင်းစဉ် သေနတ်နှင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ဦးဝင်းအောင်မှ ဆိုင်ကယ်အား မုဒွန်းကျေးရွာဘက်သို့ ပြန်လည်မောင်းနှင်လာစဉ် သေနတ်ဒဏ်ရာကြောင့် မောင်းနှင်နိုင်ခြင်းမရှိသဖြင့် ဒေါ်နီနီလွင်မှ ပတ်ဝန်းကျင်အား အကူအညီတောင်းခံရာ ကားတစ်စီးဖြင့် ကညှော်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုမှ မော်လမြိုင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု သိရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးဝင်းအောင်မှာက ညာဘက်ချိုင်းကြားမှာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ ဘယ်ဘက်ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရတစ်ချက်ရရှိခဲ့ပါတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်” ဟု ပြောကြားသည်။
ထို့နောက် ဦးဝင်းအောင် အားသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် မျိုးချစ်ဆိုသူအား ပြည်နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဒေသခံပြည်သူများ ပူးပေါင်းပြီး ရှာဖွေဖမ်းဆီးမှုလုပ်ဆောင်ခဲ့ရာ မျိုးချစ်ဆိုသူအား ချောင်းဆုံအရှေ့ရပ်ကွက် ကမ္ဘောဇဘဏ်အနီးတွင် တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနောက် ၎င်းပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် ZORAKI M – 906T အမျိုးအစား .380 (မ) ကိုင် ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်အိမ် တစ်ခုတို့အား အခင်းဖြစ်ရာနေရာအနီးတောစပ်တွင်ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထိုဖြစ်စဉ်မှ ငွေချေးယူထားပြီး ပြန်လည်ပေးအပ်ခြင်းမရှိသည့်အပြင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ မျိုးချစ် ဆိုသူအား ချောင်းဆုံမြို့မရဲစခန်းတွင် (ပ) ၆၈/၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။