Eleven Media Group

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စတိုးဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး လူငယ်တစ်ဦး အသတ်ခံရ

အခင်းဖြစ်ပွားသည့်နေအိမ်ကို အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲပိုင်းက တွေ့ရစဉ်

အောက်တိုဘာ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် အမျိုးသားလေးဦးက မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် ၃ လမ်းရှိ စတိုးဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

"မနက်အစောပိုင်း စတိုးဆိုင်အနောက်ဘက်ကနေ အထဲဝင်ပြီး ဓားပြတိုက်တာ။ အဲဒီအချိန်မှာ ဂျပန်သွားမယ့်ကောင်လေးက အော်လိုက်တာ။ သူ့ကို ဓားနဲ့ ဓားပြတွေက ဓားနဲ့လှီးသတ်လိုက်တာလို့ သိရတယ်။ ပြီးတော့ ကောင်လေးရဲ့အဒေါ်ကလည်း ဒဏ်ရာတွေရပြီး အရေးပေါ် ဖြစ်နေတယ်။ အခင်းဖြစ်ပြီးတော့ ဓားပြလေးယောက်က ထွက်ပြေးတာ။ တစ်ယောက်ကို ဖမ်းမိတယ်လို့ သိရတယ်" ဟု ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ အသက် ၂၄ နှစ်အရွယ်ဖြစ်ပြီး ဂျပန်သို့သွားရန် စောင့်ဆိုင်းနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီးနောက် ဓားပြ တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး သုံးဦးလွတ်မြောက်နေသည်ဟု ကနဦးသိရကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

မူရင်းသတင်း — Eleven Media Group