Eleven Media Group

■ သုဝဏ္ဏလမ်းဆုံမီးပွိုင့်တွင် အိမ်စီးယာဉ်နှင့် တက္ကစီယာဉ် တိုက်မိမှုဖြစ်ပွားပြီး တက္ကစီယာဉ်မောင်း သေဆုံး

သုဝဏ္ဏလမ်းဆုံမီးပွိုင့်တွင် အိမ်စီးယာဉ်နှင့် တက္ကစီယာဉ် တိုက်မိမှုဖြစ်ပွားပြီး တက္ကစီယာဉ်မောင်း သေဆုံးကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုမှာ မတ် ၇ ရက် နံနက် ၂ နာရီခန့်က သုဝဏ္ဏလမ်းဆုံမီးပွိုင့်၌ မီးပွိုင့်ဖြတ်ချိန်တွင် ဖြစ်ပွားခြင်းဖြစ်ကာ အိမ်စီးယာဉ်မှ တက္ကစီယာဉ်ကို ဖြတ်တိုက်ခြင်းဖြစ်သဖြင့် တက္ကစီယာဉ်မှ ခေါင်းလည်ကာ လမ်းဘေးနံရံသို့ တိုက်မိသွားကြောင်း အခင်းဖြစ်နေရာသို့ သွားရောက်ကူညီသည့် ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"မီးပွိုင့်မှာဖြစ်တာပါ။ အိမ်စီးယာဉ်က တက္ကစီကို ခါးက ဖြတ်တိုက်မိတာပါ။ ဖြတ်တိုက်မိပြီး တက္ကစီယာဉ်က ခေါင်းလည်သွားပြီး လမ်းဘေးအုတ်နံရံကို တိုက်မိပါတယ်။ တက္ကစီရဲ့ ယာဉ်မောင်းနေရာကို ဖြတ်တိုက်မိတော့ ယာဉ်မောင်းသေဆုံးသွားပါတယ်" ဟု ၎င်းက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် တက္ကစီယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တိုက်လိုက်သည့် အိမ်စီးယာဉ်မှာ ကားခေါင်းကြေမွသွားကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုသို့ ရှင်သန်ရေးကူညီမှုအသင်းနှင့် အခြားသော လူမှုကူညီရေးပရတိတအသင်းများမှ သွားရောက်ကူညီခဲ့ပြီး ယာဉ်တိုက်မှုကို သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ-ရှင်သန်ရေးကူညီမှုအသင်း

မူရင်းသတင်း — Eleven Media Group