Eleven Media Group

■ ဘီးလင်းမြို့နယ် ပြင်သာကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ဘီးလင်းမြို့နယ် ပြင်သာကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ် ၁၅ ရက် နံနက် ၉ နာရီအချိန်ခန့်က ဘီးလင်းမြို့နယ် ပြင်သာကျေးရွာအနီးတွင် အမျိုးသားနှစ်ဦး တဲဆောက်ရန်အတွက် ချုံရှင်းစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့လို့ အသက် ၂၀ အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ အဲ့ဒီအမျိုးသားနှစ်ဦးက ရွှေတွင်းမှာ အလုပ်လုပ်ကိုင်‌နေကြသူတွေလို့ သိရပါတယ်” ဟု ပြောကြားသည်။

မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူ အမျိုးသားနှစ်ဦးအား ဒေသခံများက ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းက ဆိုသည်။

ယခုနှစ် မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အမျိုးသား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

မူရင်းသတင်း — Eleven Media Group