Myanmar Transparency News

ပေါင်မြို့တွင် အသက် ၁၆ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ မိန်းကလေးကို အသက် ၆ဝ ကျော် အဘိုးအိုက အဓမ္မကျင့်မှု ကိုယ်ဝန် ၆ လရောက်မှ အရပ်က ဝိုင်းဝန်း ဖော်ထုတ်နိုင်ခဲ့

၂၄.၃.၂၀၂၆
Written by KL

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်တွင် နေထိုင်သော အသက် ၁၆ နှစ်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ မိန်းကလေးကို အသက် ၆ဝ ကျော်အရွယ် အဘိုးအိုက အ​ကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ကြောင်း မိန်းကလေး ကိုယ်ဝန် ၆ လကြာမှ သိရှိခဲ့ရသည်ဟု ဒေသခံများထံမှ ကနဦး သိရသည်။

ကျုးလွန်သူ အဘိုးအိုမှာ အသက် ၆၃ နှစ်အရွယ် ဦးအေးချိုဖြစ်ပြီး နေအိမ်၌ တစ်ဦးတည်းကျန်ခဲ့သော စိတ်ကျန်းမာရေးချို့တဲ့သည့် မိန်းကလေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ကို ပတ်ဝန်းကျင်ရှိ အမျိုးသမီးများက ကိုယ်ဝန်လရင့်စပြုလာချိန်မှ ဝိုင်းဝန်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်မလေးဗိုက်က တော်တော်ပူလာလို့ မသင်္ကာတာနဲ့ ဆီးစစ်တံနဲ့ စမ်းတော့ ကိုယ်ဝန်ရှိတယ်လို့ပေါ်နေတယ်။ သေချာအောင် ရပ်ကွက်ထဲက သားဖွားဆရာမကို ပြတဲ့အခါမှာတော့ ကိုယ်ဝန်က ၆ လလောက်ရှိနေမှန်းသိတာ၊ ကျုးလွန်သူက မိန်းမကော သားသမီးတွေလည်းရှိတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျုးလွန်ခံရသော မိန်းကလေးမှာ မိခင်သေဆုံးသွားသဖြင့် ဖခင်ဖြစ်သူနှင့် အတူနေထိုင်ရပြီး ဖခင်တောထဲထင်းခုတ်သွားချိန်တွင် နေအိမ်၌ တစ်ဦးတည်းကျန်ရစ်ခဲ့သော မိန်းကလေးကို ကျုးလွန်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

အဓမ္မပြုကျင့်​သော ဦးအေးချိုကို ပေါင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ (ပ) ၁၃/၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် မတ်လ ၂၁ ရက်နေ့ကအမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သို့သော် ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ရာမညတိုင်းမ်ကမူ မုဒိမ်းမှုကျူးလွန်ရာတွင် အသက် ၇၄ နှစ်အရွယ် ဦးငွေဆိုသူပါ ပါဝင်နေပြီး ထိုတရားခံမှာ လွတ်မြောက်နေသည်ဟု ဖော်ပြထားသလို MT News သတင်းဌာနအနေဖြင့် မြေပြင်ဖြစ်စဥ်ကို ဆက်လက်စုံစမ်းနေကာ အသေးစိတ်သိရှိရသည်များ ဆက်လက် ဖော်ပြ​ပေးသွားမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News