Myanmar Digital News

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် သမဝါယမ အသင်းသားတောင်သူများအား သတ်မှတ်အရည်အသွေးရှိသော ဝါနှင့် မတ်ပဲမျိုးစေ့များ ပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ် စွမ်းအားမြှင့်တင်ရေး စီမံချက်ပြီးမြောက်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

 

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ အိန္ဒိယနိုင်ငံအကူအညီဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ အနက် သမဝါယမ အသင်းသားတောင်သူများအား သတ်မှတ်အရည်အသွေးရှိသော ဝါနှင့် မတ်ပဲမျိုးစေ့များ ပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်ရေး စီမံချက် ပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် စည်ပင်သာယာခန်းမ၌ ကျင်းပသည်။

 

အဆိုပါ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် သမဝါယမဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သည့် စီမံချက်ဖြစ်ပြီး ၎င်းစီမံချက်မှ ဝါမျိုးစေ့ ၄၅၀ ဂရမ် အိတ် ၈၀၀ နှင့် မတ်ပဲ မျိုးစေ့ တစ်ကီလိုဂရမ် အိတ် ၃၅၀၀ တို့ကို ပျော်ဘွယ်၊ ရမည်းသင်း၊ ဖြူးနှင့် ကျောက်တံခါးမြို့နယ် လေးမြို့နယ်မှ သမဝါယမ အသင်းသား တောင်သူပေါင်း ၅၄၇ ဦး၏ စိုက်ပျိုးမြေ ၁၅၂၅ ဧက ပေါ်တွင် အပြည့်အဝ စိုက်ပျိုးအောင်မြင်နိုင်ရေး အချိန်မီထောက်ပံ့ပေးနိုင်ခဲ့ပြီး စီမံချက်ကာလ ပြီးမြောက်သွားသော်လည်း သမအသင်းများမှ တစ်ဆင့် မတ်ပဲမျိုးစေ့များ ပြန်လည်မျိုးပွားထုတ်လုပ် ခြင်း၊ နည်းပညာပံ့ပိုးခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ပြသပြီး ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယနေ့အခမ်း အနားသည် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံအကြား မဲခေါင် - ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် သမဝါယမကဏ္ဍ၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် အောင်မြင်မှုမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတက စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများ မြင့်တက်လာစေရေး စီမံဆောင်ရွက်ရန်လိုအပ်သလို သမ ဝါယမအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သွားရန်နှင့် လယ်ယာမြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိ အောင်ဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အရေးပါသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့်အချက် လေးချက်အနက် အဓိကအကျဆုံးဖြစ်သော မျိုးကောင်း မျိုးသန့်ရရှိရေးအတွက် ယခုစီမံချက်က အထောက် အကူဖြစ်ပါကြောင်း၊ ယခုစီမံချက်ကြောင့် အရည် အသွေးကောင်းပြီး သီးနှံများအထွက်တိုးလာခြင်း၊ မိသားစုဝင်ငွေတိုးတက်မြင့်မားလာခြင်းနှင့် စိုက်ပျိုးရေးစံနှုန်းကောင်းများ ချမှတ်နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur က မြန်မာ - အိန္ဒိယနှစ်နိုင်ငံ မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင် ရွက်မှု မူဘောင်အောက်မှ စီမံချက် အကောင်အထည် ဖော်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံချက်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ စီမံချက်ကျေးရွာမှ အသင်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News