Myanmar Transparency News

မိသားစုဖြင့် ကျေးရွာကူးသည့် လက်နက်မဲ့အုပ်ချုပ်ရေးမှူးကို PDF များက ပစ်သတ်ပြီး ဖုန်းလေးလုံးနှင့် ဆိုင်ကယ်နှစ်စီးအား လုယက်သွားမှု နေပြည်တော်တွင် ဖြစ်ပွား

နေမိုး
၂၈. ၃. ၂၀၂၆

မိသားစုဖြင့် ကျေးရွာကူးသည့် လက်နက်မဲ့အုပ်ချုပ်ရေးမှူးကို NUG ဩဇာခံ PDF များက သေနတ်ဖြင့် ပစ်သတ်လိုက်ပြီးနောက် ဖုန်းလေးလုံးနှင့် ဆိုင်ကယ်နှစ်စီးအား လုယက်သွားမှု နေပြည်တော်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မတ် ၂၅ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ လယ်ပြင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအောင်ကျော် (၅၅) နှစ်သည် ၎င်း၏တူ၊ တူမများဖြစ်ကြသည့် မောင်ကျော်ဇောမင်း၊ မောင်ဖြိုးမင်းထက်၊ မစုမွန်ကျော်တို့နှင့်အတူ ဆိုင်ကယ်နှစ်စီးဖြင့် ထန်းတပင်ကျေးရွာမှ ဥသျှစ်ကုန်း ကျေးရွာဘက်သို့ သွားရောက်စဉ် ထန်းတပင်ကျေးရွာအဝင် ဆိုင်းဘုတ်အနီးအရောက်၌ PDF လေးဦးက ဦးအောင်ကျော်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ လက်ကိုင်ဖုန်း လေးလုံးနှင့် ဆိုင်ကယ်နှစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News