Myanmar Digital News

အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး ဆက်လက်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ဆက်လက်ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်ဝင်းသိန်း၊ ဦးဝင်းဇော်မိုး၊ ဦးတင်အောင်ဝင်းနှင့် ဦးလွန်းဘော်၊ ဘရူနိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို၊ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံတိုင်ကြားစာများ စုံစမ်းစစ်ဆေးရေးဌာနတို့မှ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ မလေးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) ဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ၊ ASEAN-PAC တရားဝင်သီချင်းနှင့် Web Portal တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအဆိုပြုတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်သွယ်ညှိနှိုင်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ ဆွေးနွေးဆုံးဖြတ်ချက်များကို ဆွေးနွေးကြသည်။

 

ယင်းနောက် ဖိလစ်ပိုင်နိုင်ငံတိုင်ကြားစာများ စုံစမ်းစစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ASEAN-PAC ၏ (၂၃) ကြိမ်မြောက် အကြီးအမှူးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်များအသင်း (IAACA) တို့က လုပ်ငန်းအတွေ့အကြုံများနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး သဘာပတိဖြစ်သည့် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက နိဂုံးချုပ်အမှာစကား ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

အစည်းအဝေးအပြီးတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ လူငယ်များအကြား ဖြောင့်မတ်တည်ကြည်မှုကို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဒေသတွင်းအဂတိ လိုက်စားမှုကင်းစင်ပြီး ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုရှိသော အာဆီယံအဖွဲ့အစည်း ဖြစ်လာစေရန်လိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါအစည်းအဝေးကို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်နှင့် အလေ့အထကောင်းများကို မျှဝေနိုင်ရန်ရည်ရွယ်၍ နိုဝင်ဘာ ၁၀ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ASEAN-PAC သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ၁၀ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ASEAN-PAC ၏ (၂၂) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အမျိုးသားပြတိုက်၊ အမျိုးသားစာကြည့်တိုက်နှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ရတနာဆင်ဖြူ တော်ဆောင်တို့ကို လေ့လာကြည့်ရှုခဲ့ကြပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်လေ့လာ ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

 

မူရင်းသတင်း — Myanmar Digital News