Myanmar Transparency News

လူမရှိဘဲ ဖယောင်းတိုင်မီး ပူဇော်ရာမှ လူနေအိမ်သုံးလုံးမီးလောင်မှု လှိုင်သာယာတွင် ဖြစ်ပွား

၃၁.၃.၂၀၂၆
Written by KL

လူမရှိဘဲ ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ လူနေအိမ်သုံးလုံးမီးလောင်မှု မတ်လ ၃၀ ရက် ည ၆ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၇) ရပ်ကွက်၊ အောင်မင်းခေါင် (၃) လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ သွပ်မိုး၊ ပျဥ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ်လူနေအိမ်တွင် စတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၃၀ ခန့်ကြာမြင့်သော မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ်လူနေအိမ် နှစ်လုံးနှင့် သွပ်မိုး၊ ပျဥ်ကာ ကွန်ကရစ်ခင်း နှစ်ထပ်လူနေအိမ် တစ်လုံးအပြင် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ရှစ်စီး၊ ရေသယ်ယာဥ် ကိုးစီး၊ ကွပ်ကဲမှုယာဥ်တစ်စီးနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်သုံးလုံး မီးလောင်မှုကြောင့် အသက် ၄၇ နှစ်အရွယ် အိမ်ရှင် အမျိုးသားကြီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News