Eleven Media Group

■ တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၂၅ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ် ပန်ကူကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၂၅ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးတို့ကို ဧပြီ ၇ ရက် မွန်းလွဲပိုင်းက လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဧပြီ ၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တာချီလိတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၃၀၀၀ ခန့်အကွာ၊ ပန်ကူကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာနေရာသို့ အရောက်၌ သွပ်မိုး၊ သွပ်ကာ၊ သုံးထပ်သားပြားခင်း အဆောင်များဖြစ်သည့် အလျားပေ ၁၂၀၊ အနံ ပေ ၆၀ ရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုများလုပ်ဆောင်သည့် အဆောင် တစ်လုံး၊ အလျား ပေ ၂၀၀၊ အနံ ပေ ၆၀ ရှိ ချက်ပြုတ်/စားဆောင်အပါ လူနေအိပ်ဆောင် တစ်လုံးနှင့် လုပ်ငန်းလုပ်ဆောင်သည့်အဆောင် တစ်လုံး၊ အလျား ၃၅ ပေ၊ အနံ ပေ ၃၀ ရှိ စတိုဈေးဆိုင်အဆောင် တစ်လုံး၊ အလျား ပေ ၄၀၊ အနံ ၃၅ ပေရှိ ပစ္စည်းစတို တစ်လုံး၊ ပေ ၄၀ ပတ်လည် အိပ်ဆောင် နှစ်လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၂ ပေရှိ ဂိတ်ဝင်/ထွက်ဆောင် တစ်လုံးနှင့် အလျား ပေ ၆၀၊ အနံ ၅ ပေရှိ အိမ်သာအဆောက်အအုံ တစ်လုံး စုစုပေါင်း အဆောက်အအုံ ကိုးလုံးကို တွေ့ရှိရပြီး ၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအမျိုးသား ၁၂၂ ဦးနှင့် အမျိုးသမီး သုံးဦး၊ လာအိုနိုင်ငံသား အမျိုးသမီး တစ်ဦး၊ စုစုပေါင်း တရားမဝင်ပြည်ပနိုင်ငံသား ၁၂၆ ဦးတို့ကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုသည့်ပစ္စည်းများဖြစ်သော မော်နီတာ ၁၂၀ လုံး၊ System ပုံး ၉၇ လုံး၊ All in One Computer ၄၆ လုံး၊ Star Link ၁၂ လုံး၊ ဝိုင်ဖိုင်စက် ၁၂ လုံး၊ ဖုန်းမျိုးစုံ ၁၀၅ လုံးနှင့် မီးစက်ကြီး တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီစစ်ဆေးကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group