Eleven Media Group

■ တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူကို ပုဒ်မသုံးခုဖြင့် စွဲချက်တင်ထား

တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူကို ပုဒ်မသုံးခုဖြင့် စွဲချက်တင်ထားကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏ သားဖြစ်သူကို မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှု၊ အကြည်ညိုပျက်စေမှု စသော ပုဒ်မသုံးခုဖြင့် တောင်ကြီးခရိုင် တရားရုံးတွင် စွဲချက်တင်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“၃၇၆၊ ၃၆၃၊ ၅၀၅ တရားရုံး စစ်ဆေးဆဲပေါ့နော်။ ပြစ်မှု ပြစ်ဒဏ်တော့ မချသေးပါဘူး။ ထိရောက်ပြစ်ဒဏ်ရဖို့အတွက်ကိုလည်း ကြိုးစားဆောင်ရွက်နေပါတယ်။ အသက်မပြည့်တဲ့အမှု ပုဒ်မ ရယ်၊ ကာယိန္ဒြေပျက်စီးစေမှုလည်း ထည့်မယ်။ အများပြည်သူအတွက် အထိတ်တလန့်ဖြစ်စေလို့ ၅၀၅ နဲ့လည်း ထပ်ချိတ်ထားတယ်။ နောက်နောင် ဒီလို အလားတူပြစ်မှုမျိုး မဖြစ်စေရေးကိုလည်း ဆောင်ရွက်ထားရှိပါတယ်။ ပြစ်ဒဏ်တော့ မချသေးဘူးပေါ့နော်”ဟု တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဦးနေဝင်းက ဆိုသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းတက်နေသော Grade 12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင်၌ ပြန်နားနေစဉ် နေ့လယ် ၁ နာရီအချိန်ခန့်တွင် ကျောင်းမှ ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး သူမ ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်း ၂ နာရီအချိန်တွင် နယ်မြေရဲစခန်းတွင် (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆ အမှုဖြင့် နစ်နာသူဘက်မှ အမှုဖွင့်ခဲ့ရာ ထိုနေ့ မွန်းလွဲပိုင်းအချိန်မှာပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group