Myanmar Transparency News

တရားမဝင် မြန်မာနိုင်ငံသား ၅၂ ဦးလိုက်ပါလာသော ခုနစ်စီးပါယာဉ်တန်းကို မလေးရှားနယ်ခြားစောင့်ရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း

သက်တံ့

၉. ၄. ၂၀၂၆

မလေးရှား နယ်ခြားစောင့် ရဲတပ်ဖွဲ့ (General Operations Force – GOF) ဟာ မနေ့က ကလန်တန်ပြည်နယ်၊ မီလို (Melor) မြို့အနီး၊ ကမ်ပန်ဘူလိုပို (Kampung Buloh Poh) ရှိ ဘူလိုပို အဝေးပြေးလမ်းထွက်ပေါက်မှာ တရားမဝင် မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးလိုက်ပြီး လူမှောင်ခိုဂိုဏ်းတစ်ခုကို ဖြိုခွင်းနိုင်ခဲ့ပါတယ်။

အရှေ့တောင်ဘက်စစ်ကြောင်း GOF တပ်မှူး SAC (Senior Assistant Commissioner) အာမတ် ရာဇီ ဟူစိန်က အဆိုပါဒေသအတွင်း မှောင်ခိုကူးမှုတွေနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးသတင်း ရယူထားပြီးနောက် ဒီနေ့မနက် ၆ နာရီအချိန်မှာ အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

GOF တပ်ရင်း ၉ ရဲ့ အထူးတပ်ဖွဲ့နဲ့ နယ်စပ်ထောက်လှမ်းရေးအဖွဲ့ (URS) တို့ဟာ စစ်ဆင်ရေးအတွင်း မော်တော်ယာဉ် ၇ စီးကို ကြားဖြတ်တားဆီးနိုင်ခဲ့တာပါ။ အဆိုပါ ကားတွေကို မြန်မာနိုင်ငံသားတွေကပဲ မောင်းနှင်လာတာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်ဖို့ အသုံးပြုခဲ့တာလို့ ယူဆရပါတယ်။

“သိမ်းဆည်းရမိတဲ့ ကားတွေထဲမှာ Perodua Aruz ၃ စီး၊ Toyota Rush ၁ စီး၊ Perodua Alza ၁ စီး၊ Toyota Cross ၁ စီးနဲ့ Proton X70 ၁ စီးတို့ ပါဝင်ပါတယ်” လို့ တပ်မှူးက ဆက်လက်ပြောပြပါတယ်။

စစ်ဆေးချက်တွေအရ အဲဒီကားတွေပေါ်မှာ အသက် ၁၈ နှစ်ကနေ ၄၀ ကြားရှိတဲ့ မြန်မာနိုင်ငံသား ၃၇ ဦးနဲ့ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၂ ဦးကို တင်ဆောင်လာတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အာမတ် ရာဇီရဲ့ ပြောကြားချက်အရ အခြေခံစုံစမ်းစစ်ဆေးမှုတွေမှာ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ရေလမ်းကတစ်ဆင့် မလေးရှားနိုင်ငံထဲကို ဝင်ရောက်လာကြတာဖြစ်ပါတယ်။ သူတို့ဟာ ကလန်တန်မြစ်ကမ်းနားကို အရင်ဆင်းသက်ခဲ့ကြပြီးနောက် ကွာလာလမ်ပူနဲ့ အနောက်ဘက်ကမ်းခြေ ပြည်နယ်အသီးသီးကို ပို့ဆောင်ဖို့ ပြင်ဆင်နေကြတာပါ။

ဒီလို ဝင်ရောက်နိုင်ဖို့အတွက် သူတို့ဟာ မြန်မာနိုင်ငံက အကျိုးဆောင်တွေကို မြန်မာကျပ်ငွေနဲ့ တွက်ရင် အတော်လေးများပြားတဲ့ မလေးရှားရင်းဂစ် ၄,၅၀၀ ကျော် (ကျပ်သိန်း ၁၄၀ ဝန်းကျင်) ပေးခဲ့ရပြီး၊ ပြည်တွင်းမှာ တစ်ဆင့်ပို့ဆောင်ခအတွက် ရင်းဂစ် ၃၀၀ စီ ထပ်မံပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားသူ အားလုံးကို ကီတာရီ (Ketereh) ရဲစခန်းမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြုလုပ်ပြီးနောက် ဆက်လက်အရေးယူနိုင်ဖို့ ကိုတာဘာရူး ခရိုင်ရဲဌာနချုပ် (IPD) ဆီ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။

Ref: Bernama

မူရင်းသတင်း — Myanmar Transparency News