
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာ သာယာကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားရာ နေအိမ် ၁၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) ည ၁၁ နာရီအချိန်ခန့်က အလှပ်ကျေးရွာ သာယာကုန်းအပိုင်း၊ ကန်သာယာစုနေ ဦးကိုဦးဆိုသူ၏ နေအိမ်၌ လျှပ်စစ်ဒယ်အိုးအား မီးပလပ်တပ်ပြီး ရှင်ပြုအလှူအိမ်၌ သွားရောက်ဝိုင်းကူနေစဉ် မီးလာသည့်အတွက် လျှပ်စစ်ဒယ်အိုး အပူလွန်ကဲရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ဆက်လက်ပြီး "အားလုံးနေအိမ်အားလုံး ၁၁ လုံး မီးကူးစက်လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ လူထိခိုက်မှုတော့မရှိဘူး။ အိမ်ရှင်အမျိုးသမီးက ရှော့ဖြစ်ပြီး ဆေးရုံတင်လိုက်ရပါတယ်" ဟုပြောကြားသည်။
အဆိုပါ မီးလောင်မှုအား ပေါင်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ယာဉ်သယ်ယာဉ် နှစ်စီး၊ အလှပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညသန်းခေါင်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် မီးဘေးသင့်ပြည်သူများ ကျေးရွာမူလတန်းကျောင်း၌ ယာယီနေထိုင်နေကြရကြောင်း သိရသည်။
Photo Credit - ဝရဇိန် (ပေါင်)