Eleven Media Group

■ ထန်းတပင်မြို့နယ်တွင် ကျပ်သိန်း ၆၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ထန်းတပင်မြို့နယ်တွင် ကျပ်သိန်း ၆၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ‌ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မေ ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ထန်းတပင်မြို့နယ်၊ ကျောင်းစုရပ်ကွက်အနီးတွင် စိုးနိုင် မောင်းနှင်ပြီး သန်းထွေး လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ပြား (ခန့်မှန်းကျပ်သိန်း ၃,၀၀၀)၊ အိုက်စ် (မက်သ်အဖက်တမင်း) အလေးချိန် ၁၅ ကီလို (ခန့်မှန်းကျပ်သိန်း ၃,၇၅၀) နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စိုးနိုင် (၃၃) နှစ် နှင့် သန်းထွေး (၅၂) နှစ်တို့အား တက်သစ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မူရင်းသတင်း — Eleven Media Group