Eleven Media Group

■ အမရပူရမြို့နယ်တွင် Grade- 6 ကျောင်းသားနှစ်ဦး ရန်ဖြစ်ရာမှ ဓားထိုးခံရပြီး တစ်ဦးသေဆုံး

မန္တလေးမြို့ အမရပူရမြို့နယ်တွင် Grade -6 ကျောင်းသားနှစ်ဦး ရန်ဖြစ်ရာမှ ဓားထိုးခံရပြီး တစ်ဦးသေဆုံးမှု ဇွန် ၂၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အမရပူရမြို့နယ် ကုလားကျေးရွာ အမှတ် (၄) ရပ်ကွက် အခြေခံမူလတန်းလွန်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် Grade- 6 ကျောင်းသားနှစ်ဦး ကျောင်းရှေ့တွင် အချင်းများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းသားနှစ်ဦးမှာ အသက် ၁၅ နှစ်အရွယ်ရှိပြီး ရန်ဖြစ်စဉ် တစ်ဦးက အခြားတစ်ဦးကို ဓားဖြင့် ထိုးခဲ့သဖြင့် ညာဘက်လည်ပင်းထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

"ကျောင်းသားနှစ်ယောက် လူငယ်သဘာဝအချင်းများရင်း ဓားနဲ့ထိုးရာကနေ သေဆုံးတဲ့ထိဖြစ်သွားရတာပါ။ တစ်ခြားအကြောင်းရင်းတော့မရှိပါဘူး။ ဥပဒေတိုင်းဆောင်ရွက်သွားဖို့ ဆောင်ရွက်နေကြပါတယ်" ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ကြောင့် ဓားဖြင့်ထိုးကာ ကျုးလွန်ခဲ့သူကျောင်းသားအား အမရပူရမြို့နယ်မြစ်ငယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group