Eleven Media Group

■ တောင်ကြီးမြို့ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူဇာနည်သွေးအား အဓမ္မပြုကျင့်မှု အပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်

တောင်ကြီး ခရိုင် တရားရုံးမှ ဇွန်လ၂၉ ရက် တွင် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်၏သားဖြစ်သူ ဇာနည်သွေးအား အဓမ္မပြုကျင့်မှုအပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ရာဇသတ်ကြီး ပုဒ် ၃၇၆ (၁) အရ အလုပ် နှင့် ထောင်ဒဏ် နှစ် ၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ အရ အလုပ် နှင့် ထောင်ဒဏ် ၂ နှစ် ၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၄ အရ အလုပ် နှင့် ထောင်ဒဏ် ၃ နှစ်ဖြင့် ပြစ်ဒဏ်များ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက် အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းတက်နေသော Grade 12 ကျောင်းသူတစ်ဦးသည် ခေါင်းကိုက်သဖြင့် ဆရာမထံ ခွင့်တောင်း၍ အဆောင်၌ ပြန်နားနေစဉ် နေ့လယ် ၁ နာရီ ခန့်တွင် ကျောင်းမှ ကျောင်းအုပ်၏ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး သူမ ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်း ၂ နာရီ၌ နယ်မြေရဲစခန်းတွင် (ပ) ၁၅/ ၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆ အမှုဖြင့် နစ်နာသူဘက်မှ အမှုဖွင့်ခဲ့ပြီး အဓမ္မပြုကျင့်မှု ကျူးလွန်သူ ဇာနည်သွေးအား မွန်းလွဲပိုင်းအချိန်မှာပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#တောင်ကြီးမြို့အောင်မြေသစ်ကိုယ်ပိုင်ကျောင်း #အဓမ္မပြုကျင့်မှု #elevennews

မူရင်းသတင်း — Eleven Media Group