Myanmar Transparency News

​အိန္ဒိယအရှေ့ပိုင်းတွင် ရေလုပ်သား ၁၅ ဦးလိုက်ပါသွားသည့် ငါးဖမ်းစက်လှေတစ်စီး ပျောက်ဆုံးသွားပြီးနောက် ရေလုပ်သား ၉ ဦး၏ အလောင်းပြန်တွေ့ပြီး ၆ ဦးပျောက်ဆုံးနေ

သက်တံ့
​၁၄. ၇. ၂၀၂၆

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါ (West Bengal) ပြည်နယ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် ဇူလိုင် ၂ ရက်ကတည်းက ရေလုပ်သား ၁၅ ဦး လိုက်ပါသွားသည့် ငါးဖမ်းစက်လှေတစ်စီး ပျောက်ဆုံးခဲ့ပြီးနောက်၊ အဆိုပါစက်လှေပေါ်ပါ ရေလုပ်သား ၉ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အခြား ၆ ဦးမှာမူ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအရာရှိတစ်ဦးက အင်္ဂါနေ့ (ဇူလိုင် ၁၄ ရက်) တွင် ပြောကြားခဲ့သည်။

​အဆိုပါဖြစ်စဉ်မှာ ဒီရေတောများကြောင့် နာမည်ကျော်သည့် အနောက်ဘန်ဂေါပြည်နယ်ရှိ ဆွန်ဒါဘန် (Sundarbans) ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကံဆိုးမိုးမှောင်ကျခဲ့သည့် ရေလုပ်သားများသည် အနောက်ဘန်ဂေါပြည်နယ်၏ ဒစ်ဂါ (Digha)၊ နာဒီယာ (Nadia)၊ ဟောင်ရာ (Howrah)၊ အရှေ့မီဒီနီပူရ် (East Medinipur) ဒေသများနှင့် အိမ်နီးချင်း ဩဒိဿ (Odisha) ပြည်နယ်တို့မှ လာရောက်ကြသူများ ဖြစ်ကြသည်။

​ပျောက်ဆုံးနေသည့် ရေလုပ်သားများကို ရှာဖွေနိုင်ရန် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့၊ အိန္ဒိယရေတပ်၊ အနောက်ဘန်ဂေါရဲတပ်ဖွဲ့၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

​မီဒီယာများ၏ ဖော်ပြချက်အရ ရေလုပ်သား ၁၅ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ဇူလိုင် ၂ ရက်က ငါးဖမ်းရန် ထွက်ခွာသွားခဲ့ပြီးနောက် တစ်ပတ်နီးပါးခန့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ နောက်ဆုံးတွင် ဇူလိုင် ၈ ရက်၌ ၎င်းတို့၏ စက်လှေအင်ဂျင် ချို့ယွင်းနေကြောင်း အကူအညီတောင်းခံသည့် ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သဖြင့် အဆက်အသွယ် ပြန်လည်ရရှိခဲ့သည်။ ၎င်းတို့ကို ရှာဖွေရန် ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ခဲ့ဘဲ ယခုမှသာ အလောင်း ၉ လောင်း ပြန်တွေ့ခဲ့ခြင်းဖြစ်သည်။

Ref: Xinhua

မူရင်းသတင်း — Myanmar Transparency News