Myanmar Transparency News

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် ပတ်လမ်းကြောင်းပျံ ဒုံးပျံကို လွှတ်တင်

သက်တံ့
၁၈. ၇. ၂၀၂၆

​ကမ္ဘာ့အာကာသစီးပွားရေးကဏ္ဍတွင် ပိုမိုကြီးမားသော ဝေစုတစ်စု ရရှိရန် ရည်မှန်းထားသည့် တောင်အာရှ၏ အင်အားကြီးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံအတွက် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်အဖြစ်၊ နိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကတည်ဆောက်သော ပတ်လမ်းကြောင်းပျံ ဒုံးပျံ (Orbital Rocket) သည် စနေနေ့တွင် ပထမဆုံးအကြိမ် ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း Skyroot Aerospace ကုမ္ပဏီက ပြောကြားခဲ့သည်။

​Skyroot Aerospace ကုမ္ပဏီမှ တည်ဆောက်ထားပြီး ကမ္ဘာပတ်လမ်းကြောင်းနိမ့်အတွင်းသို့ ဂြိုဟ်တုအသေးစားများ သယ်ဆောင်ရန် ဒီဇိုင်းဆွဲထားသည့် Vikram-1 ဒုံးပျံသည် သောင်းသောင်းဖြဖြ အားပေးကြိုဆိုသံများနှင့်အတူ သီရိဟာရီကိုတာ (Sriharikota) ရှိ ဆာတစ်ရှ် ဒါဝန် (Satish Dhawan) အာကာသစင်တာမှ ပျံတက်သွားခဲ့သည်။

​”မင်္ဂလာပါ အာကာသရေ၊ တို့တွေ ရောက်လာပြီနော်။” ဟု Skyroot Aerospace က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသလို “Vikram-1 ရဲ့ ပထမဆုံး စမ်းသပ်ပျံသန်းမှု မစ်ရှင် အောင်အောင်မြင်မြင် ပြီးဆုံးသွားပါပြီ။ အိန္ဒိယ ပုဂ္ဂလိကကဏ္ဍရဲ့ ပထမဆုံး လွှတ်တင်မှုဟာ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ။”ဟုလည်း ဖော်ပြထားသည်။

​Vikram-1 ဒုံးပျံသည် ခုနစ်ထပ်တိုက် အဆောက်အအုံတစ်ခုစာခန့် မြင့်မားပြီး အလေးချိန် ၃၅၀ ကီလိုဂရမ် (၇၇၁ ပေါင်) အထိရှိသော ဝန်စည်ပစ္စည်း (Payload) များကို သယ်ဆောင်နိုင်သည်။

​အစိုးရ၏ အိန္ဒိယအမျိုးသား အာကာသမြှင့်တင်ရေးနှင့် ခွင့်ပြုမိန့်ပေးရေးစင်တာ (Indian National Space Promotion and Authorisation Centre) ဥက္ကဋ္ဌဖြစ်သူ ပဝန် ဂိုအန်ကာ (Pawan Goenka) က ဤအောင်မြင်မှုသည် “အိန္ဒိယ ပုဂ္ဂလိကကုမ္ပဏီတစ်ခုအနေနဲ့ ပထမဆုံးအကြိမ် လုပ်ဆောင်တဲ့ ပတ်လမ်းကြောင်းပျံ လွှတ်တင်မှုအတွက် မျှော်မှန်းထားတာထက်ကို အပြတ်အသတ် သာလွန်ကောင်းမွန်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။

​ဝန်ကြီးချုပ် နရန်ဒရာ မိုဒီ (Narendra Modi) ကလည်း ယခုကြိုးပမ်းမှုကို “အိန္ဒိယရဲ့ အာကာသခရီးစဉ်မှာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့ အခိုက်အတန့်တစ်ခုပါ”ဟု ချီးကျူးဂုဏ်ပြုခဲ့သည်။

Ref:  SCMP

မူရင်းသတင်း — Myanmar Transparency News