Myanmar Transparency News

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်အကြား ၁၃ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

သက်တံ့

၂၁. ၇. ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် အိန္ဒိယ-ပစိဖိတ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို စတင်လိုက်ကြသည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော Para Commando Brigade ၏ ကြီးကြပ်မှုအောက်တွင် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင် ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ ပြန်ကြားရေးဌာန (ISPR) က သတင်းထုတ်ပြန်ထားသည်။

“Exercise Tiger Lightning (TL)-2026” ဖွင့်ပွဲအခမ်းအနားကို ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်း ဆေးလ်ဟတ် (Sylhet) စစ်ဘက်ဇုန်တွင် ဘင်္ဂလားဒေ့ရှ်တပ်မတော်နှင့် အမေရိကန် ပစိဖိတ်ဒေသဆိုင်ရာ တပ်ဖွဲ့တို့၏ ပူးတွဲပါဝင်မှုဖြင့် ဇူလိုင် ၁၉ ရက်တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်တပ်မတော်၏ စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး Md Mainur Rahman နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Brent T Christensen တို့ တက်ရောက်ခဲ့ကြသည်။

ယခုသင်တန်းသည် နှစ်နိုင်ငံတပ်မတော်တို့၏ စစ်ဆင်ရေးစွမ်းရည်ကို မြှင့်တင်ပေးမည်ဖြစ်ပြီး ချစ်ကြည်ရေးကို ခိုင်မာစေကာ ရေရှည်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အထူးအထောက်အကူပြုမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Rahman က ပြောကြားခဲ့သည်။

သံအမတ်ကြီး Christensen ကလည်း ယခုလေ့ကျင့်မှုသည် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော ချစ်ကြည်ရေး၊ လေးစားမှုနှင့် လွတ်လပ်ပြီး လုံခြုံကြွယ်ဝသော အိန္ဒိယ-ပစိဖိတ်ဒေသဖြစ်ရေး ဘုံကတိကဝတ်များ၏ သင်္ကေတတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဤနှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ရန်၊ စစ်ဆင်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်၊ အမြဲတမ်းအသင့်ရှိမှုကို မြှင့်တင်ရန်နှင့် တပ်ဖွဲ့နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်သည့် အမေရိကန် ပစိဖိတ်တပ်ဖွဲ့၏ Theater Army Campaign Plan နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု လျာထားချက်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဒါကာမြို့ရှိ အမေရိကန်သံရုံးက ပြောကြားခဲ့သည်။

Ref : Khmer Times  

မူရင်းသတင်း — Myanmar Transparency News