Myanmar Transparency News

​တရုတ်နိုင်ငံတွင် ခေတ်စားနေသော လက်ဖက်ရည်နှင့် ဝမ်းချူဆေး ရောသောက်သည့် ဝိတ်ကျနည်းကြောင့် လူအများအပြား ဆေးရုံရောက်

သက်တံ့
၂၅. ၇. ၂၀၂၆

ပါးစပ်မှ​ သောက်သုံးရန်မသင့်သည့် ဝမ်းချူဆေး (Glycerin Enema) နှင့် လက်ဖက်ရည်ကို ရောစပ်သောက်သုံးသည့် ဆန်းသစ်သော ဝိတ်ကျနည်းတစ်ခုသည် တရုတ်လူမှုကွန်ရက်ပေါ်တွင် ခေတ်စားလာခဲ့ချိန် လူအများအပြား လိုက်လံသောက်သုံးမိ၍ အရေးပေါ်လူနာအချို့ဆေးရုံသို့ ရောက်ရှိလာပြီးနောက် သာမန်ပြည်သူများအနေဖြင့် ထိုနည်းလမ်းကို မစမ်းသပ်ကြရန် ဆရာဝန်များက သတိပေးထားရသည်။

​ထိုပြင်းထန်သည့် ဝိတ်ကျနည်းမှာ ၂ ရက်အတွင်း အလေးချိန် ၄ ကီလိုဂရမ် (၈ ပေါင်ခန့်) အထိ ကျဆင်းစေသည့် သိသာထင်ရှားသော အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုကာ လွန်ခဲ့သည့် သီတင်းပတ်များအတွင်း လူမှုကွန်ရက်ပေါ်တွင် လူကြိုက်များခဲ့ကြောင်း Shangyou News က ဖော်ပြခဲ့သည်။

​ပျံ့နှံ့နေသည့် ဗီဒီယိုအချို့တွင် အင်တာနက်ဆယ်လီ (Influencers) များသည် စအိုမှထည့်သွင်းအသုံးပြုရသည့် ဝမ်းချူဆေးရည်များကို သကြားမပါသည့် လက်ဖက်ရည်ဘူးထဲသို့ ညှစ်ထည့်ကာ လှုပ်ခါပြီး သောက်ပြကြသည်။ ထို့နောက် ဝမ်းခဏခဏသွားခြင်းဖြင့် ထူးခြားသည့် ဝိတ်ကျကျန်းမာရေး ရလဒ်များကို ရရှိခဲ့ကြသည်ဟု ဆိုသည်။

​အင်တာနက်အသုံးပြုသူ အများအပြားလည်း ထိုအတိုင်း လိုက်လုပ်ခဲ့ကြသော်လည်း အချို့မှာ ကျန်းမာရေး ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။

​မာ အမည်ရှိ အမျိုးသမီးတစ်ဦးက ထိုအရောအနှောကို သောက်ကြည့်ရာ အရသာမှာ အနည်းငယ် ချိုသော်လည်း သောက်ပြီး နာရီဝက်ခန့်အကြာတွင် ပြင်းထန်စွာ မအီမသာဖြစ်လာခဲ့ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။

​သူမသည် ရေနွေးသောက်ခြင်းဖြင့် ဝေဒနာကို သက်သာအောင် ကြိုးစားခဲ့သော်လည်း နာရီအနည်းငယ်အကြာတွင် တစ်ဆက်တည်း ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကို ခံစားခဲ့ရသည်။

​အင်တာနက်အသုံးပြုသူ အများအပြား ထိုအတိုင်း လိုက်လုပ်ခဲ့ကြသော်လည်း အချို့မှာ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကဲ့သို့ ကျန်းမာရေး ထိခိုက်မှုများနှင့် ပြင်းထန်စွာ မအီမသာဖြစ်မှုများကို ကြုံတွေ့ခဲ့ရသည်။

​”တစ်နာရီကို တစ်ခါ ဝမ်းသွားနေရတာ။ တစ်ညလုံး အိပ်လို့တောင် မရဘူး” ဟု မာ အမည်ရှိ အမျိုးသမီး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

​ဟဲနန်ပြည်နယ် အလယ်ပိုင်းရှိ အဓိက ဆေးရုံကြီးတစ်ခုက ထိုဝိတ်ကျနည်းကို စမ်းသပ်ရာမှ ဖျားနာလာသည့် အရေးပေါ်လူနာ အများအပြားကို လက်ခံကုသပေးခဲ့ရကြောင်း ဇူလိုင်လဆန်းပိုင်းတွင် လူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ခဲ့သည်။

​သကြားမပါသည့် လက်ဖက်ရည်ဘူးများတွင် ပါဝင်သော Theophylline၊ Polyphenols နှင့် Tannic Acid တို့သည် အစားအစာ လုံလောက်စွာ မရှိချိန်တွင် အစာအိမ် နုနယ်သူများ၌ ဝမ်းလျှောခြင်းနှင့် ဗိုက်အောင့်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ထိုဆေးရုံက တရုတ်ပြည်သူများကို သတိပေးထားသည်။

​”ဒါ့အပြင် Glycerin Enema ဝမ်းနှုတ်ဆေးရည်ကိုပါ ထပ်ပေါင်းထည့်လိုက်တဲ့အခါ ဝမ်းနှုတ်အာနိသင်က နှစ်ဆဖြစ်သွားပါတယ်။ ဒါဟာ အစာချေစနစ်ကို နှစ်ထပ်ဆင့် ထိခိုက်ဒဏ်ရာ ပေးလိုက်တာပါပဲ” ဟု ဆေးရုံက ဆိုသည်။

​ဝမ်းချူဆေးရည်သည် ပြင်ပသုံးရန်အတွက်သာဖြစ်ပြီး သောက်သုံးရန် လုံးဝတားမြစ်ထားကြောင်း၊ လက်ဖက်ရည်နှင့် ရောသောက်ပါက ဝိတ်ကျစေသည်ဆိုသည့် သက်သေအထောက်အထားလည်း မရှိကြောင်း ဆေးရုံက ထပ်လောင်းအတည်ပြုခဲ့သည်။

​ချုံချင့် အမျိုးသမီးနှင့် ကလေးဆေးရုံမှ အာဟာရဆရာဝန် ဆွန်းဟိုင်လန် (Sun Hailan) က Glycerin Enema ကို ပါးစပ်က သောက်သုံးခြင်းသည် ခန္ဓာကိုယ်တွင်း ဓာတ်ဆားဓာတ် အချိုးအစားကို ပျက်ယွင်းစေပြီး အူလမ်းကြောင်း အမြှေးပါးများကို ပျက်စီးစေကာ အစာချေစနစ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

​”ဝိတ်ကျသွားတယ်ဆိုရင်တောင် ကျသွားတာဟာ အဆီ မဟုတ်ပါဘူး။ အစာအိမ်ထဲမှာ ပိတ်နေတဲ့ အစာဟောင်းတွေနဲ့ ခန္ဓာကိုယ်ထဲက ရေဓာတ် အမြောက်အမြား ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ရေပြန်သောက်လိုက်တာနဲ့ ခဏလေးအတွင်းမှာ အလေးချိန် ပြန်တက်လာမှာပါ။ ဝိတ်ကျဖို့အတွက် ဘာမှ အထောက်အကူ မပြုပါဘူး” ဟု ဆွန်းက ပြောကြားခဲ့သည်။

​တရုတ်နိုင်ငံတွင် ထူးဆန်းသော ဝိတ်ကျနည်းများကို စမ်းသပ်ရာမှ ဖျားနာလာသူများ၏ သတင်းသည် မကြာခဏ သတင်းခေါင်းစဉ်များတွင် ပါဝင်လေ့ရှိသည်။

​ကျဲ့ကျန်းပြည်နယ် အရှေ့ပိုင်းမှ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် တစ်ပတ်လျှင် တစ်ရက်သာ အလွန်အမင်း ဝအောင်စားပြီး ကျန်ခြောက်ရက်တွင် ဘာမျှမစားသလောက် လျှော့စားသည့် ပြင်းထန်သော ဝိတ်ကျနည်းကို ကျင့်သုံးခဲ့သဖြင့် ရုတ်တရက် မုန့်ချိုအိတ် (ပန်ကရိယ) ရောင်ရမ်းသည့်ရောဂါ (Acute Pancreatitis) ဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရဖူးသည်။

Ref: SCMP

မူရင်းသတင်း — Myanmar Transparency News