Eleven Media Group

ဘန်ကောက်ရထားပေါ် ရိုင်းပျခဲ့သည့် အီတလီကျောင်းသားအဖွဲ့ ဒဏ်ငွေဆောင်ပြီး ပြန်တောင်းပန်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ BTS Skytrain ရထားပေါ်တွင် ရိုင်းစိုင်းသည့်အပြုအမူများကြောင့် အငြင်းပွားမှု ဖြစ်ပွားခဲ့သည့် အီတလီကျောင်းသားကျောင်းသူငါးဦးအဖွဲ့နှင့် ၎င်းတို့၏ ကြီးကြပ်သူတို့ ဇူလိုင် ၂၅ ရက်က ရဲစခန်းသို့ရောက်လာကာ ထိုင်းအမျိုးသမီး Sugus ဆိုသူကို တောင်းပန်ခဲ့သည်။

ထိုအမှုတွင် ရဲတပ်ဖွဲ့က ကျောင်းသားအဖွဲ့ကို ဒဏ်ငွေချမှတ်ခဲ့ပြီး နှစ်ဖက်စလုံး အပြန်အလှန် တရားစွဲဆိုမှုများ ဆက်မလုပ်ဘဲ အမှုပိတ်ရန် သဘောတူခဲ့ကြသည်။

BTS ရထားပေါ်တွင် အီတလီကျောင်းသားအဖွဲ့က ကျယ်လောင်စွာပြောဆိုပြီး မသင့်လျော်သည့် အပြုအမူများ ပြုလုပ်နေစဉ် ထိုင်းအမျိုးသမီးက ယဉ်ကျေးစွာ သတိပေးခဲ့ရာမှ ပြဿနာဖြစ်ခဲ့ကြသည်။ ကျောင်းသားတစ်ဦးက ထိုင်းအမျိုးသမီးကို ရိုင်းစိုင်းစွာ ပြန်ပြောသည့်အပြင် လက်ခလယ်ပါ ထောင်ပြခဲ့သည်။

ထို့ပြင်ကျောင်းသားအဖွဲ့က "ငါတို့က မင်းတို့နိုင်ငံမှာ ပိုက်ဆံလာသုံးနေတာ" ဟုလည်း ပြောခဲ့သဖြင့် ထိုင်းလူမှုကွန်ရက်တွင် ဒေါသဖြစ်ခဲ့ကြသည်။ Sugus ကလည်း ထိုဖြစ်စဉ်ကို ရဲစခန်းသို့တိုင်ကြားလိုက်သည်။

ရဲတပ်ဖွဲ့က ကျောင်းသားငါးဦးကို တစ်ဦးလျှင် ဘတ် ၁,၀၀၀ စီ ဒဏ်ငွေချမှတ်ခဲ့ပြီး လက်ခလယ်ထောင်ပြသူက စွဲချက်တစ်ခုထပ်တိုးကာ စွဲချက်၂ခုစာ ဘတ် ၂,၀၀၀ ဒဏ်ငွေပေးခဲ့ရသည်။

ဥပဒေအရ အများဆုံးဒဏ်ငွေမှာ ဘတ် ၁၀,၀၀၀ အထိ ချမှတ်နိုင်သော်လည်း အမှုအမြန်ပြီးစေရန် ရဲတပ်ဖွဲ့က ဘတ် ၁,၀၀၀ သာ ဒဏ်ငွေချမှတ်ရန် ဆုံးဖြတ်ခဲ့သည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘန်ကောက်ရှိ အီတလီသံရုံးကလည်း တရားဝင်စာထုတ် တောင်းပန်ခဲ့သည်။

Ref: The Nation Thailand

မူရင်းသတင်း — Eleven Media Group