
ဗြိတိန်ဘုရင်ကြီးချားလ်စ်သည် တရုတ်နိုင်ငံသို့ သွားရောက်ရန် စဉ်းစားလိမ့်မည်ဖြစ်ကြောင်း ဘာကင်ဟမ်နန်းတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ က ဗြိတိန်၏ ဒုတိယမြောက် အဲလစ်ဇဘတ်ဘုရင်မကြီးသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် တစ်ကြိမ်သာသွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အရ အဲလစ်ဇဘတ်သည် တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်သည့် ဗြိတိန်ထီးနန်းဆက်ခံသူဖြစ်လာခဲ့သည်။
ထို့ကြောင့် လက်ရှိ ဗြိတိန်ဘုရင်ကြီးချားလ်စ်သည် တရုတ်သို့ သွားရောက်ခဲ့မည်ဆိုပါက တရုတ်သို့ ဒုတိယမြောက် သွားရောက်မည့် ဗြိတိန်ထီးနန်းဆက်ခံသူဖြစ်လာမည်ဖြစ်သည်။
"အစိုးရကသာ ဘုရင်ကြီးကို တရုတ်နိုင်ငံကို ကြွချီတော်မူမလားလို့ မေးမြန်းလာခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အလွန်တရာမှ သေချာဂရုတစိုက် စဉ်းစားသုံးသပ်သွားမှာပါ" ဟု နန်းတော် အရာရှိကြီးတစ်ဦးက သတင်းထောက်များကို ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည်။
အဲလစ်ဇဘတ်ဘုရင်မကြီးသည် ခင်ပွန်းဖြစ်သူ မင်းသားကြီး ဖိလစ်နှင့်အတူ ၁၉၈၆ ခုနှစ် အောက်တိုဘာလက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုခရီးစဉ်တွင် ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးမြို့များသို့ ဝင်ရောက်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည့် စည်းကမ်းချက်များကို ချမှတ်ထားသည့် တရုတ်-ဗြိတိန် ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပြီး နှစ်နှစ်အကြာတွင် အဲလစ်ဇဘတ်ဘုရင်မကြီး၏ ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ယင်းက နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပိုမို တိုးတက်ကောင်းမွန်စေခဲ့သည်။
Ref: AFP