Myanmar National Post

မရမ်းကုန်းမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ငွေကျပ် ၂,၄၈၈ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဇူလိုင် ၂၉

ဇူလိုင်လ ၂၆ ရက်နေ့ ၁၃၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် လမ်းလျှောက်လာသူ ကောင်းထိုက်ကျော် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၄၅ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၂၇ သိန်း)၊ ကက်တမင်း အလေးချိန် ၁၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၆ သိန်း)၊ အက်တက်စီဆေးပြား ၁၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၁၅ ၀၀ အချိန် စည်သူကျော် အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်တွင် ကက်တမင်း အလေးချိန် ၅၀၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၈၀၀ အချိန် မလှသန္တာ အား သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် အက်တက်စီဆေးပြား ၄,၃၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၁၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကောင်းထိုက်ကျော်(၃၇)နှစ်၊ စည်သူကျော်(၃၉)နှစ် နှင့် မလှသန္တာ(၃၅)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MNP #News

မူရင်းသတင်း — Myanmar National Post