Eleven Media Group

■ MNDAA ၊ TNLA နှင့် PDF များက သီပေါတံတား အရှေ့ဘက်ခြမ်းတွင် ခြေကုပ်ယူလှုပ်ရှားနေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ တံတားကို ယာယီပိတ်ထားရကြောင်း ပြည်ထဲရေးဒုဝန်ကြီး ပြောကြား

MNDAA ၊ TNLA နှင့် PDF များက သီပေါတံတား အရှေ့ဘက်အခြမ်းနှင့် ကျန်ကျေးရွာအုပ်စုများတွင် ခြေကုပ်ယူလှုပ်ရှားနေခြင်းကြောင့် လုံခြုံရေးအခြေအနေအရ တံတားကို ယာယီပိတ်ထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားသည်။

ဇူလိုင် ၂၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့တွင် သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ မေးမြန်းသည့် "သီပေါတံတားအား မည်သို့မည်ပုံစည်းစနစ်ဖြင့် ဒေသခံပြည်သူများ၊ ဒေသတွင်း ကား၊ ဒေသအတွင်း ကုန်စည်စီးဆင်း ဖြတ်သန်းသွားလာခွင့်ပြုပေးနိုင်ပါရန် အစီအစဉ်ရှိ မရှိ" မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက အထက်ပါအချက်ကို ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် သြဂုတ် ၁၀ ရက်မှစ၍ MDIA၊ MNDAA ၊ PDF အမည်ခံ သောင်းကြမ်းသူအဖွဲ့များသည် သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယာယီစွန့်ခွာခဲ့ပြီး အကြမ်းဖက်သောင်းကျမ်းသူများ ယာယီစိုးမိုးထားသည့် သီပေါမြို့ကို တပ်မတော်စစ်ကြောင်းများမှ ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တိုက်ခိုက်ခြင်း၊ ချေမှုန်းခြင်း ဆောင်ရွက်သည့်အခါ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် နယ်မြေစိုးမိုးမှုပြန်လည်ရရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်နေရာချထားခဲ့သကဲ့သို့ ဒေသခံပြည်သူများကိုလည်း သီပေါမြို့နယ်အတွင်း ပြန်လည်ဝင်ရောက် နေထိုင်ရန်အတွက် ဆောင်ရွက်စေခဲ့ပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

"သီပေါတံတားဟာ ငြိမ်းချမ်းစဉ်ကတော့ နွေမိုးဆောင်း သွားလာနိုင်တဲ့ အနေအထားဖြစ်သော်လည်းပဲ လက်ရှိလုံခြုံရေးအခြေအနေအရ မြို့ပေါ် ၁၁ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကိုးအုပ်စုသာ နယ်မြေစိုးမိုးပြီးတော့ သွားလာနိုင်ပြီးတော့မှ MNDAA ၊ TNLA နှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုတွေဟာ အလုံးစုံဆုတ်ခွာသွားခြင်း မဟုတ်ဘဲ သီပေါတံတားရဲ့ အရှေ့ဘက်အခြမ်းနှင့် ကျန်ကျေးရွာအုပ်စုများတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိတဲ့အတွက် လုံခြုံရေးအခြေအနေအရ လက်ရှိမှာတော့ သီပေါတံတားကို လုံခြုံရေးအခြေအနေအရ ယာယီပိတ်သိမ်းထားရခြင်း ဖြစ်ပါတယ်"ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် လူမှုရေး၊ ကုန်သွယ်မှုများ ဆောင်ရွက်ရန် ဒေသတွင်း ရှေးဦးစွာ တည်ငြိမ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်အောင် ဆောင်ရွက်ရန်အတွက် လက်ရှိတွင် တပ်မတော် အပါအဝင် လုံခြုံရေးအဖွဲ့အစည်းမှ တည်ငြိမ်ရေးအတွက် ဦးစားပေးပြီး ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ သီပေါ နယ်မြေတွင် နေထိုင်နေသည့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေး ကောင်းမွန် စိတ်ချရသည့် နမ့်လန်-ကျောက်ဂူ-ရပ်စောက်လမ်းမှသာ သွားလာနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

သီပေါတံတားသည် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်းပေါ်တွင် တည်ရှိပြီး သီပေါမြို့သို့ ပန်းတိမ်တောင်ရပ်ကွက်နှင့် ပန်စောက်မိန်းကျေးရွာအုပ်စုကြား မိုင် ၁၃၀/၃၊ မိုင် ၁၃၀/၄ အတွင်း ဒုဋ္ဌဝတီမြစ်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တံတားအရှည် ၅၆၉ ပေ၊ တံတားအကျယ် ယာဉ်သွားလမ်း ၂၈ ပေ၊ လူသွားလမ်း ငါးပေရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group