Eleven Media Group

■ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွား

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် နေထိုင်သူများထံမှ သိရသည်။

ဇူလိုင် ၂၈ ရက် ညပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းဖြစ်ပြီး ဝါဆိုလပြည့်နေ့(ဇူလိုင် ၂၉ ရက်) နံနက်ပိုင်းအထိ မိုးဆက်တိုက်ရွာသွန်းခဲ့ခြင်း ဖြစ်သည်။

" ညကတည်းက ရွာတာ။ ရေကလည်း တဖြည်းဖြည်းတက်လာတယ်။ ည ၂ နာရီ ကျော်လောက်ကျတော့ ခုတင်တွေပါ မြုပ်ကုန်တယ်။ အခုနေ့လည်ပိုင်းလောက်ကတော့ ရေနည်းနည်းပြန်ကျလာတယ်။ မိုးလည်း ရပ်သွားတယ်။ တချို့က ထမင်းထုပ်တွေ ဝေကြတယ်" ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အင်းစိန်၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ သမိုင်းလမ်းဆုံ အစရှိသည့် နေရာများတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

" ရွှေပြည်သာ ၂၄ ရပ်ကွက် အင်းပေါက်စုကျေးရွာမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေလို့ ရွှေပြည်သာက ပရဟိတ အသင်းတွေစုပေါင်းပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေပါတယ်" ဟု ရွှေပြည်သာမြို့ခံ ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူမှုကွန်ရက်တွင် ပြောကြားထားသည်။

ညနေပိုင်းတွင် မိုးရွာသွန်းမှု မရှိတော့သဖြင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာအချို့တွင် ရေများပြန်လည်ကျဆင်းလာပြီဖြစ်သည်ဟု သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၉ ရက် ညနေပိုင်းအထိ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင်လည်း နေရာကွက်ကျားမှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိသည့် ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ကဲ့သို့ မိုးလေဝသဖြစ်စဉ်များ ယှဉ်တွဲဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

#မိုးသည်းထန်စွာရွာသွန်းမှု #ရန်ကုန်တိုင်း #ရေကြီးရေလျှံမှု #elevennews

မူရင်းသတင်း — Eleven Media Group