Eleven Media Group

■ ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာကာ ပျောက်နေသူများကို အချိန်လုရှာဖွေနေ

ဂျပန်နိုင်ငံအနောက်တောင်ပိုင်း ကူမာမိုတိုဒေသတွင် ဇူလိုင် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒသမ ၁ ရှိ မြေငလျင်ကြောင့် သေဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာပြီဖြစ်ကာ ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက အချိန်လု၍ ဆက်လက်ရှာဖွေလျက်ရှိသည်။

ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြင်းထန်စွာ ပျက်စီးသွားသည့် ဈေးဝယ်စင်တာများနှင့် ပြိုကျနေသည့် နေအိမ်များအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်နေပြီး ကျည်ဆန်ရထား ပြေးဆွဲမှုများနှင့် လေဆိပ်အချို့၏ လုပ်ငန်းများကိုလည်း ယာယီရပ်နားထားရသည်။

ဂျပန်ဝန်ကြီးချုပ် တာကာအိချိက “ကယ်ဆယ်ရေးကို စောင့်နေသူတွေရှိနေလို့ အခုအချိန်ဟာ အချိန်လုလုပ်ဆောင်ရမယ့်အခြေအနေပါ။ အတတ်နိုင်ဆုံး ရှာဖွေကယ်ဆယ်ဖို့ ကြိုးပမ်းသွားမှာပါ” ဟု ပြောကြားခဲ့သည်။ ဂျပန်အစိုးရ ထုတ်ပြန်ချက်အရ နေအိမ် ၃၆,၉၀၀ ခန့် လျှပ်စစ်မီး ပြတ်တောက်နေပြီး အချို့ဒေသများတွင် ဆက်သွယ်ရေးကွန်ရက်များ အသုံးပြု၍ မရသေးကြောင်း သိရသည်။

လူပေါင်း ၉,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းပေါင်း ၅၀၀ ကျော်တွင် ခိုလှုံနေကြပြီး အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နိုင်သဖြင့် စခန်းများတွင် လေအေးပေးစနစ် အသုံးပြုနိုင်ရန် လျှပ်စစ်ဓာတ်အားပေးစက်များ ထပ်မံတပ်ဆင်ပေးလျက်ရှိသည်။ ထို့ပြင် ကာရှီမမြို့ရှိ Aeon Mall ကုန်တိုက်တွင် သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုကြောင့်ဟု ယူဆရသည့် ပေါက်ကွဲမှုအပြီး ကုန်တိုက်ဒုတိယထပ် ပြိုကျခဲ့ရာ လူများပိတ်မိနေသဖြင့် ကယ်ဆယ်ရေးအတွက် ဆောင်ရွက်နေကြသည်။

ငလျင်ကယ်ဆယ်ရေးအတွက် ရဲအင်အား ၂,၀၀၀ နှင့် မီးသတ်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့် အပါအဝင် ဝန်ထမ်းအင်အား ၄,၆၀၀ ကို ဖြန့်ကျက်ချထားကြောင်း ဂျပန်ဝန်ကြီးချုပ်အဆိုအရ သိရသည်။

Ref: AP
Photo: Getty Images & AP

မူရင်းသတင်း — Eleven Media Group