Eleven Media Group

■ တယ်လီဂရမ် တည်ထောင်သူ ပါဗယ်ဒူရော့ကို အကြမ်းဖက်မှုတွင် ကူညီမှုဖြင့် ရုရှားက အလိုရှိနေ

ရုရှားနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးအေဂျင်စီ (FSB) က တယ်လီဂရမ် တည်ထောင်သူ ပါဗယ်ဒူရော့ကို အကြမ်းဖက်မှုများတွင် ကူညီပံ့ပိုးခဲ့သည်ဟုဆိုကာ အမှုဖွင့်တရားစွဲဆိုလိုက်ပြီး နိုင်ငံတကာ အလိုရှိသူများစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်သည်။

FSB က တယ်လီဂရမ်သည် ယူကရိန်းထောက်လှမ်းရေးအဖွဲ့များနှင့် အစွန်းရောက်အဖွဲ့အစည်းများ အသုံးပြုနေသည့် Channel များ၊ Chat များနှင့် Bot များစွာကို ဖယ်ရှားပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားကာ ထိုပလက်ဖောင်းများကို ဖျက်ဆီးရေးလုပ်ရပ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆိုက်ဘာလိမ်လည်မှုများ ပြုလုပ်ရာတွင် အသုံးပြုခဲ့ပြီး လူသေဆုံးမှုများရှိခဲ့သည်ဟု ဆိုထားသည်။

ယူကရိန်းလုံခြုံရေးအဖွဲ့များသည် တယ်လီဂရမ်ပေါ်ရှိ လူသိများသည့် Dating Chat Bot တစ်ခုကို အသုံးပြုကာ ရုရှားနိုင်ငံသားများကို ဖျက်ဆီးရန်နှင့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်စေရန် ဆွဲဆောင်ခဲ့ကြောင်း FSB က ပြောသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်ကတည်းက အသက် ၁၂ နှစ်မှ ၂၂ နှစ်ကြား Chat Bot အသုံးပြုသူ ၄၆ ဦးကို ရုရှားနိုင်ငံအနှံ့ ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

ပါဗယ်ဒူရော့ကမူ ရုရှားအစိုးရသည် တယ်လီဂရမ်ကို ထိန်းချုပ်ရန်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များကို ထိန်းချုပ်ရန် အကြောင်းပြချက် ဖန်တီးနေခြင်းသာဖြစ်ကြောင်း ယခင်ကတည်းက တုံ့ပြန်ခဲ့သည်။ ယခုအမှုတွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါက ရုရှားတွင် ထောင်တစ်သက်တစ်ကျွန်းအထိ ကျနိုင်သည်။

ရုရှားအစိုးရသည် ယူကရိန်းစစ်ပွဲ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း အင်တာနက်ထိန်းချုပ်မှုများကို ပိုတင်းကျပ်လာခဲ့ပြီး "Max" အမည်ရှိ ပြည်တွင်း Messaging App ကို အစားထိုးသုံးစွဲရန် အားပေးခဲ့သည်။ လုံခြုံရေးကျွမ်းကျင်သူများက အဆိုပါ အက်ပလီကေးရှင်းတွင် End-to-End Encryption မပါရှိသဖြင့် အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအတွက် စိုးရိမ်စရာရှိကြောင်း သတိပေးထားသည်။

Ref: AP

မူရင်းသတင်း — Eleven Media Group