
အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ အပလေချီ အထက်တန်းကျောင်းတွင် ကျောင်းသားနှစ်ဦးနှင့် ဆရာ ဆရာမ နှစ်ဦးကို ပစ်သတ်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် တရားခံ ကိုးဂရေးအား ဇူလိုင် ၂၈ ရက်တွင် လွတ်ငြိမ်းခွင့်မရှိ ၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်။
ဂရေးသည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၄ ရက်က ဖြစ်ပွားခဲ့သည့် ကျောင်းတွင်းပစ်ခတ်မှုတွင် လူသတ်မှု အပါအဝင် စွဲချက် ၅၅ ခုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ တရားသူကြီးက ကိုးဂရေး၏ လုပ်ရပ်သည် ကြိုတင်စီစဉ်ထားသည့် ရက်စက်ယုတ်မာမှုဖြစ်ပြီး လွတ်မြောက်ခွင့် မပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
တရားသူကြီးအဆိုအရ ဂရေးသည် မိမိကျူးလွန်ခဲ့သည့် လုပ်ရပ်အတွက် နောင်တရသည့် အရိပ်အယောင်မရှိဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်သူများကို အားကျအတုယူနေသူဖြစ်သည်။ သို့သော် ဂရေး၏ရှေ့နေက ဂရေးသည် ပြုပြင်ပြောင်းလဲရန် လုံးဝမဖြစ်နိုင်သူတစ်ဦး မဟုတ်ကြောင်း၊ တစ်နေ့နေ့တွင် လွတ်ငြိမ်းခွင့်ရနိုင်မည့် မျှော်လင့်ချက်ထားပေးခြင်းကသာ ပြောင်းလဲနိုင်မည့်အခွင့်အရေး ပေးရာရောက်ကြောင်း တရားရုံးတွင် လျှောက်လဲခဲ့သည်။
ပစ်ခတ်မှုဖြစ်ပြီးနောက် လူငယ်ထိန်းသိမ်းရေးစခန်း၌ ရှိနေစဉ် ဂရေးနှင့် ၎င်း၏မိခင်တို့ ဖုန်းပြောခဲ့သည့် အသံဖိုင်များကို အစိုးရရှေ့နေများက တရားရုံးတွင် ဖွင့်ပြခဲ့သည်။ ထိုဖုန်းခေါ်ဆိုမှုများအတွင်း ဂရေးက မိမိနှင့်ပတ်သက်၍ အွန်လိုင်းတွင် မည်သို့ပြောဆိုနေကြသည်ကို ရှာဖွေကြည့်ရန် မိခင်ကို ပြောခဲ့သည်။ မိခင်ကလည်း ၎င်း၏ပုံကို ရေးဆွဲထားသည့် "Fan Art" များနှင့် မှတ်ချက်များ၊ အွန်လိုင်းတွင် စိတ်ဝင်တစား ပြောဆိုနေကြမှုများကို ပြန်ပြောပြသည့်အခါ ဂရေးက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ၎င်းသည် အစုလိုက်အပြုံလိုက် ပစ်ခတ်သူများကို အထင်ကြီးအားကျခဲ့ပြီး "True Crime Community" အမည်ဖြင့် အွန်လိုင်းဂရုတွင် ကျောင်းပစ်ခတ်မှုမှတစ်ဆင့် နာမည်ကြီးလိုကြောင်း ထုတ်ပြောခဲ့ဖူးသည်။
Ref: AP