
ကလေးသူငယ်များကို ဆေးများတိုက်ကျွေးပြီး အသိစိတ်ကင်းမဲ့ချိန်တွင် လိင်တူဆက်ဆံခိုင်းကာ Video ရိုက်၍ Telegram ၌ ငွေကြေးအကျိုးအမြတ်ရယူရောင်းစားသူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်နေ မောင်----(၁၁ နှစ်)သည် ကျောင်းဆင်းပြီး အိမ်ပြန်လာချိန် ကျောင်းအတူ တက်ခဲ့ဖူးသည့် သူငယ်ချင်းဖြစ်သူကို တွေ့ရှိပြီး သူငယ်ချင်း ဖြစ်သူနှင့်အတူလာသည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်နေ မျိုးမင်းထွန်း(ခ)ဖိုးသားက နေအိမ်သို့ အလည် လိုက်ခဲ့ရန် ခေါ်ဆောင်သဖြင့် ညီဖြစ်သူကို အတူခေါ်ပြီး လိုက်ပါသွားခဲ့ ကြောင်း၊ မျိုးမင်းထွန်း(ခ)ဖိုးသား၏ နေအိမ်သို့ ရောက်သောအခါ ၎င်းသောက်သုံးနေသည့် အားဆေးသောက်ရမည်ဟုပြောကာ စိတ်ငြိမ်ဆေးလုံး ၁၀ လုံးစီနှင့် ဆန်ချိုအရက်အား အချိုရည်ဟု ပြောဆိုပြီး လိမ်လည်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဆေးသောက်ပြီး ကလေးများ အသိစိတ်ကင်းမဲ့နေချိန်တွင် ကလေးတစ်ဦးအား ၎င်းမှ လိင်တူဆက်ဆံခဲ့ပြီး ကျန်ကလေး နှစ်ဦးကို ကလေးအချင်းချင်း လိင်တူဆက်ဆံခိုင်းကာ ဗွီဒီယိုဖိုင်များ ရိုက်ကူး ခဲ့ကြောင်း၊ ကလေးများက မျိုးမင်းထွန်း(ခ)ဖိုးသား၏ အိမ်သို့ ကျောင်းပိတ်ရက်များတွင် သွားရောက်ညအိပ်ခဲ့ရာ ရက်ပေါင်း ၂၀ ခန့် ညအိပ်ခဲ့ဖူးကြောင်း၊ ထိုအချိန်တိုင်းတွင် မျိုးမင်းထွန်း (ခ)ဖိုးသား က အလားတူ ဆောင်ရွက်ခဲ့ပြီး ဗွီဒီယိုဖိုင်များ အကြိမ်ကြိမ်ရိုက်ကူးကာ Telegram အကောင့်ဖွင့်၍ Member ဝင်များထံမှ အခကြေးငွေများ ရယူ၍ ရောင်းချခဲ့ကြောင်း စိစစ်သိရှိရသဖြင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ကြောင်း သိရသည်။
ထို့နောက် အင်းစိန်မြို့မရဲစခန်း (ပ) ၁၆၉/၂၀၂၆ နှင့် (ပ) ၁၇၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ တို့ဖြင့် အမှု ရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် အင်းစိန်ခရိုင် တရားရုံး မှ တရားခံ မျိုးမင်းထွန်း(ခ) ဖိုးသားကို လူကုန်ကူးမှု တားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅ အရ အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ်စီ သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။