
ဂျပန်နိုင်ငံတွင် ဇူလိုင် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၁ ပြင်းအားရှိ ငလျင်ကြောင့် ဇူလိုင် ၃၀ ရက် တွင် သေဆုံးသူ ၂၈ ဦးအထိ ရှိလာခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။
"ငလျင်နဲ့ ဆက်စပ်ပြီး သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတာတွေ အပါအဝင် လက်ရှိ သေဆုံးသူ အရေအတွက်ဟာ ၂၈ ဦး ရှိပါတယ်" ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိနိုရူ ခီဟာရက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ပြင် ရာနှင့်ချီသည့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ခူမာမိုတိုဒေသ ခါရှီးမားမြို့ရှိ Aeon စျေးဝယ်စင်တာ အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေကြသည်။
ဇူလိုင် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကျူးရှူးကျွန်းပေါ်တွင် နေအိမ်များ ပြိုကျပျက်စီးခြင်း၊ တံတားများ ထိခိုက်ခြင်း၊ မီးလောင်မှုများ ဖြစ်ပွားခြင်းနှင့် ဒေသခံ သောင်းနှင့်ချီ လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေ ပြတ်တောက်မှု ကြုံတွေ့ရခြင်း စသည့် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁၀၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြပြီး အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ပေါင်း ၄၀၀ ကျော်ကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။
Ref:AFP