Eleven Media Group

အယ်လ်ဆာဗေးဒိုးတွင် ရာဇဝတ်ဂိုဏ်းဝင်နှစ်ဦးကို ထောင်ဒဏ် နှစ်ပေါင်း ၁၀၀၀ ကျော် ချမှတ်

အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုနှင့် အခြားပြစ်မှုများဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရသော ရာဇဝတ်ဂိုဏ်းဝင် နှစ်ဦးကို တစ်ဦးလျှင် ထောင်ဒဏ် နှစ်ပေါင်း ၁၀၀၀ ကျော်အထိ တရားရုံးတစ်ခုက ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ရှေ့နေချုပ်ရုံးက ဇူလိုင် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ကြီးလေးသည့်ပြစ်ဒဏ်ချမှတ်မှုသည် အယ်လ်ဆာဗေးဒိုးတွင် လက်ယာယိမ်း သမ္မတ နာဂျစ် ဘူကယ်လီ၏ ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သော ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းသည့် စစ်ပွဲ၏ နောက်ဆုံး အရေးယူမှုတစ်ခုဖြစ်ပြီး ယင်းစစ်ပွဲကြောင့် သံသယရှိသူ ရာဇဝတ်ဂိုဏ်းဝင် ၉၀၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကာ အများစုကို နိုင်ငံ၏ နာမည်ဆိုးဖြင့် ကျော်ကြားသော လုံခြုံရေးအမြင့်ဆုံး ထောင်များတွင် ထိန်းသိမ်းထားသည်။

El Gremio ဂိုဏ်းသည် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ ငွေကြေးခဝါချမှုနှင့် တရားမဝင် အဖွဲ့အစည်းများ ဖွဲ့စည်းမှုတို့ဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်ပြီး ဂိုဏ်းဝင် ၂၈ ဦးအနက် ၂ ဦးသည် တစ်ဦးလျှင် ထောင်ဒဏ် ၁၀၄၈ နှစ်စီ ပြစ်ဒ်ချမှတ်ခံရကြောင်း အစိုးရရှေ့နေများက X လူမှုကွန်ရက် ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

ယခုနှစ်မတ်လအတွင်း အယ်လ်ဆာဗေးဒိုးလွှတ်တော်သည် ယခင် အများဆုံးထောင်ဒဏ် နှစ် ၆၀ ကို ပယ်ဖျက်ခဲ့ပြီး လူသတ်မှုကျူးလွန်သူများ၊ မုဒိမ်းမုဒိန်းမှုကျူးလွန်သူများနှင့် အကြမ်းဖက်သမားများကို ထောင်ဒဏ်တစ်သက် တစ်ကျွန်းဖြင့် အစားထိုးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အတည်ပြုခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group