Eleven Media Group

ပေါင်မြို့၊ ကတုံစီးရပ်ကွက်၊ ရန်ကုန် - မော်လမြိုင်ရထားလမ်းတွင် အမျိုးသားတစ်ဦး ကုန်ရထားနှင့်တိုက်မိပြီး သေဆုံး

ပေါင်မြို့၊ ကတုံစီးရပ်ကွက်၊ ရန်ကုန် - မော်လမြိုင်ရထားလမ်း မိုင်တိုင်အမှတ် (၁၅၉/၁၆) နှင့် (၁၅၉/၁၇) ကြား တွင် အမျိုးသားတစ်ဦး ကုန်ရထားနှင့်တိုက်မိပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ ဇူလိုင်လ (၂၉) ရက်နေ့ ည (၈) နာရီ (၂၀) မိနစ်အချိန်ခန့်က ပေါင်မြို့၊ ကဒုံစီးရပ်ကွက်၊ ဆံတိုက် ကွက်သစ်ပိုင်း နှင့် ငါးကန်ဘက်သို့သွားသည့် ရထားလမ်းနှင့် ကပ်လျှက်ရှိသော လူသွားလမ်းဘေးတွင် အမျိုးသားတစ်ဦး ကုန်ရထားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

၎င်းကဆက်လက်ပြီး "ကုန်ရထားနဲ့အတိုက်ခံရပြီး သေဆုံးသွားသူက ဆံတိုက်ကွက်သစ်အပိုင်းမှာနေတဲ့ အသက် ၄၄ နှစ်အရွယ် ကိုအောင်ထွန်းလင်းလို့ သိရပါတယ်။ ပေါင်ဘူတာဘက်ကနေ သဲဖြူကုန်းဘူတာ (မော်လမြိုင်ဘူတာဘက်) ဘက်ကို လာနေတဲ့ ကုန်ရထားနဲ့တိုက်မိခဲ့တာပါ" ဟု ၎င်းဒေသခံက ဆက်ပြောသည်။

ကုန်ရထားနှင့် တိုက်မိခဲ့သူ ကိုအောင်ထွန်း‌‌လေးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်ကောက် ဝတ်ပြတ်ဒဏ်ရာ၊ ခြေသလုံးနှစ်ဖက်လုံး ကျိုးကြေဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

ကိုအောင်ထွန်းလေး၏ ရုပ်အလောင်းအား "ဘစိုး" လူမှုကယ်ဆယ်ရေးအသင်းမှ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်သည် တရားမဝင်ရထားလမ်းကူး အများဆုံးပြုလုပ်ထားသည့် မြို့နယ်တခုဖြစ်ပြီး နှစ်စဉ် ရထားတိုက်ခံရပြီး သေဆုံး ဒဏ်ရာရရှိသူများရှိနေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

Photo Credit - ဘစိုး လူမှုကယ်ရေးအသင်း

မူရင်းသတင်း — Eleven Media Group