Eleven Media Group

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာသဖြင့် ယခုနှစ် ဒုတိယသုံးလပတ်ကာလအတွင်း EV ကားများ ရောင်းအားပိုမိုမြင့်တက်ခဲ့ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီက ပြောကြား

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာသဖြင့် ယခုနှစ် ဒုတိယသုံးလပတ်ကာလအတွင်း လျှပ်စစ်ကား (EV) များ ရောင်းအားပိုမိုမြင့်တက်ခဲ့ကြောင်း နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ဒုတိယသုံးလပတ်တွင် EV ကားများရောင်းအားသည် ၃၅ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး နိုင်ငံပေါင်း ၅၀ တွင် စံချိန်တင်ရောင်းအားများရှိခဲ့ကြောင်း IEA ၏ အစီရင်ခံစာသစ်တစ်ခုတွင် ဖော်ပြထားသည်။

"ကမ္ဘာ့ မော်တော်ယာဉ် ဈေးကွက်အတွက် စိန်ခေါ်မှုများပြားတဲ့ အခြေအနေရှိနေပေမယ့် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ စွမ်းအင် အကျပ်အတည်းဟာ စက်သုံးဆီဈေးနှုန်း မတည်ငြိမ်မှုကို ပိုမို ထင်ရှား ပေါ်လွင်စေခဲ့တာကြောင့် အခုနှစ် ဒုတိယသုံးလပတ်မှာ EV ကားရောင်းအားဟာ သိသိသာသာ မြင့်တက်ခဲ့ပါတယ်" ဟု ဆိုသည်။

ဖေဖော်ဝါရီလတွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံနီးပါး ဖြတ်သန်းစီးဆင်းသည့် ဟော်မုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်သည့်အတွက် ယခုနှစ်အစတွင် ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၆၀ ဝန်းကျင်ရှိခဲ့ရာမှ ဒေါ်လာ ၁၂၀ နီးပါးအထိ ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။

ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် အရင်းအမြစ် ပြတ်လပ်မှုများကြောင့် စွမ်းအင် လုံခြုံရေးသည် ထိပ်တန်း ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပြီး လမ်းများပေါ်တွင် မောင်းနှင်နေသည့် မော်တော်ယာဉ်များသည် ကမ္ဘာ့ ရေနံသုံးစွဲမှု၏ ထက်ဝက်ခန့်ကို အသုံးပြုနေသဖြင့် EV ကားများသည် စက်သုံးဆီအပေါ် မှီခိုအားထားမှုကို လျှော့ချရန် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။

ရေနံ တင်သွင်းမှုအပေါ် မှီခိုနေရပြီး အပြင်းအထန် ထိခိုက်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံ အချို့သည် EV ကားများ ဝယ်ယူမှုကို အားပေးလှုံ့ဆော်ရန်အတွက် ယာယီ အခွန်ကင်းလွတ်ခွင့်များ စတင် မိတ်ဆက်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဒုတိယသုံးလပတ်မှ ရရှိလာသော အရှိန်အဟုန်အပြင် လက်တင်အမေရိက၊ အရှေ့တောင်အာရှနှင့် ဥရောပတို့တွင် EV ကားများ ဝယ်ယူရန် အစိုးရများ၏ ပံ့ပိုးကူညီမှုများကို အခြေခံပြီး ယခုနှစ်အတွင်း EV ကား ရောင်းအားသည် ၁၀ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး မော်တော်ယာဉ်စုစုပေါင်း ရောင်းအား၏ ၂၉ ရာခိုင်နှုန်းအထိ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်း IEA က ပြောကြားခဲ့သည်။

သို့သော် ၂၀၂၆ ခုနှစ်တွင် စုစုပေါင်း မော်တော်ယာဉ် ဈေးကွက်မှာ ကျဆင်းသွားမည်ဟု မျှော်လင့်ရသည်။

အဓိကအားဖြင့် တရုတ်နှင့် အမေရိကန်ကြောင့် ယခုနှစ် ပထမသုံးလပတ်တွင် EV ကား ရောင်းအားမှာ ကျဆင်းသွားခဲ့သည်။

အမေရိကန်တွင် ထောက်ပံ့ကြေးများ ပယ်ဖျက်လိုက်ခြင်းက ရောင်းအားကို ထိခိုက်စေခဲ့သလို တရုတ်နိုင်ငံတွင်လည်း ထောက်ပံ့ကြေးများ လျှော့ချခဲ့သည့်အတွက် ရုန်းကန်နေရသော စီးပွားရေးအခြေအနေက ဝယ်ယူသူများကို တွန့်ဆုတ်သွားစေခဲ့သည်။

ဥရောပတွင်မူ ယခုနှစ် ပထမနှစ်ဝက်အတွင်း EV ကား ရောင်းအားမှာ ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး စံချိန်တင် တိုးတက်မှုရှိခဲ့ကြောင်း IEA က ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group