Eleven Media Group

■ နာမည်ကျော် ထိုင်းခရီးသွားဘလော့ဂါ Hlun Solo  ဂျော်ဂျီယာနိုင်ငံရှိ ဟိုတယ်ခန်းအတွင်း သေဆုံးနေ

တစ်ကိုယ်တော် ဘတ်ဂျက်ခရီးသွား ဗီဒီယိုများကြောင့် လူသိများသည့် ထိုင်းဘလော့ဂါ Hlun Solo ကို ဂျော်ဂျီယာနိုင်ငံ၏ မြို့တော် တဘီလီစီရှိ ဟိုတယ်ခန်းအတွင်း သေဆုံးလျက် တွေ့ရှိခဲ့သည်။ မိသားစုက ၎င်းနှင့် အဆက်အသွယ် ပြတ်နေသည်မှာ နှစ်ပတ်ကျော်ခန့် ရှိနေပြီဖြစ်သည်။

ဂျော်ဂျီယာရဲတပ်ဖွဲ့က Hlun Solo သေဆုံးမှုကို ဇူလိုင် ၂၉ ရက်တွင် အတည်ပြုခဲ့ပြီး သေဆုံးသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ဂျော်ဂျီယာသတင်းမီဒီယာများက ဖော်ပြသည်။

အသက် ၂၇ နှစ်အရွယ် Hlun Solo သည် ၎င်း၏ လူကြိုက်များသည့် တစ်ကိုယ်တော် ဘတ်ဂျက်ခရီးသွား အစီအစဉ်အတွက် ဇူလိုင်အစောပိုင်းတွင် ဂျော်ဂျီယာသို့ သွားရောက်ခဲ့သည်။ ၎င်း၏ Facebook စာမျက်နှာတွင် ဖော်လိုဝါနှစ်သန်းခွဲကျော်ရှိပြီး YouTube ချန်နယ်တွင် Subscribers ၉၅၀,၀၀၀ ကျော်ရှိသည်။

ဇူလိုင် ၂၈ ရက်တွင် Hlun Solo ၏အစ်ကိုက လူသိရှင်ကြား အကူအညီတောင်းခံခဲ့ပြီး မိသားစုနှင့် ဇူလိုင် ၁၃ ရက်ကတည်းက အဆက်အသွယ် ပြတ်နေခဲ့သည်ဟု ဆိုသည်။

Hlun Solo သည် ဆင်းရဲနွမ်းပါးသည့် မိသားစုမှ ကြီးပြင်းလာသူဖြစ်ပြီး ဖခင်ကွယ်လွန်ပြီးနောက် အဘွား၏လက်ထဲတွင် ကြီးပြင်းခဲ့ရသည်။ အထက်တန်းကျောင်းပြီးနောက် စက်ရုံတစ်ခုတွင် အလုပ်ရကာ နောက်ပိုင်းတွင် ဘန်ကောက်ရှိ ချူလာလောင်ကွန်တက္ကသိုလ်မှ ပညာသင်ဆုရရှိကာ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။

ဘွဲ့ရပြီးနောက် ခရီးသွားဘလော့ဂါအဖြစ် အသက်မွေးဝမ်းကျောင်းပြုရန် ဆုံးဖြတ်ခဲ့ပြီး တစ်ကိုယ်တော် ခရီးသွားအတွေ့အကြုံများကို အဓိကရိုက်ကူးခဲ့သည်။

Ref: Bangkok Post

မူရင်းသတင်း — Eleven Media Group