
အီရန်နိုင်ငံသည် တရုတ်နိုင်ငံထုတ် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်ပစ်လောင်ချာများကို လာမည့် သီတင်းပတ်အနည်းငယ်အတွင်း လက်ခံရရှိမည်ဟု သတင်းရင်းမြစ်အချို့ကပြောသည်။
ပခုံးထမ်းပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်၏ ပထမအသုတ် အီရန်က ရလိမ့်မည်ဟု ယူဆရကြောင်း အဆိုပါအရောင်းအဝယ် သဘောတူညီချက်ကို သိရှိထားသည့် သတင်းရင်းမြစ်သုံးဦးက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့သည်။
အမေရိကန်ဒေါ်လာ သန်း ၆၀ မှ ၇၀ ခန့် တန်ဖိုးရှိ ဝယ်ယူမှုဖြစ်ပြီး အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ပွဲဖြစ်ပြီးနောက်ပိုင်း အီရန်က ၎င်း၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်ရန် အကြီးမားဆုံး ကြိုးပမ်းမှုများထဲမှတစ်ခုဟု သတင်းရင်းမြစ်များက ဆိုသည်။
အီရန်က တရုတ်နိုင်ငံထုတ် QW-12 နှင့် FN-16 ဒုံးကျည်များအပါအဝင် လူတစ်ဦးတည်း သယ်ဆောင်အသုံးပြုနိုင်သည့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် (MANPADS) အစုံရေ ၃၀၀ မှ ၄၀၀ ကြား ဝယ်ယူရန် သဘောတူထားကြောင်း ၊ အဆိုပါသဘောတူညီချက်ကို ဟောင်ကောင်အခြေစိုက် ကျုံးချင်းပေါင်ရှန်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းကုမ္ပဏီက အီရန်နှင့် တရုတ်တို့ကြား ကြားခံဆောင်ရွက်ပေးနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။
သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “အဲဒီသတင်းတွေက လုံးဝအခြေအမြစ်မရှိပါဘူး။ တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို အားပေးဖို့နဲ့ စစ်ပွဲရပ်တန့်ဖို့ အစဉ်တစိုက် ကြိုးပမ်းနေတာပါ” ဟု တုံ့ပြန်ခဲ့သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ဒုံးကျည်စနစ်များကို တရုတ်နိုင်ငံအနောက်ပိုင်းရှိ အူရမ်ချီမြို့မှ လေကြောင်းဖြင့် ၊ ထို့နောက် ပါကစ္စတန်ကိုဖြတ်ကာ အီရန်သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်သည်။ သို့သော် ပါကစ္စတန်စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးဌာနကလည်း အဆိုပါဖြစ်စဉ်တွင် ပါကစ္စတန် ပါဝင်ပတ်သက်နေသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများမှာ လုပ်ကြံဖန်တီးထားသည့် သတင်းအမှားသာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။
Ref: Reuters