Eleven Media Group

■ ဖလူးဒေသ စစ်ရေးပဋိပက္ခများတွင် တပ်ဖွဲ့ဝင်များပါဝင်ပတ်သက်မှု မရှိရန် DKBA သတိပေးတာမြစ်မိန့်ထုတ်ပြန်လာ

ကရင်ပြည်နယ် မြဝတီတောင်ပိုင်း ဖလူးဒေသတွင်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများတွင် တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုမရှိရန် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က ဇူလိုင် ၂၉ ရက်တွင် သတိပေးတားမြစ်မိန့်ထုတ်ပြန်ခဲ့သည်။

ဖလူးဒေသတွင်ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများတွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင် မည်သူ တစ်ဦးတစ်ယောက်မျှ ပါဝင်ပတ်သက်မှု မရှိစေရန်နှင့် ပါဝင်ပတ်သက်ပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း DKBA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြဝတီမြို့တောင်ပိုင်း ၁၅ မိုင်ခန့်အကွာရှိ ဖလူး၊ မင်းလက်ပံနှင့် အင်ကြင်းမြိုင်၊ ဝေါလေ ဒေသများကို ကရင်လက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး ထိုမှတစ်ဆင့် နယ်စပ်ဒေသတွင်အခြေစိုက်ထားသည့် တပ်မတော်၏ တပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းယူရန်ကြိုးပမ်းလုပ်ဆောင်မှုများကြောင့် လက်ရှိတွင် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေချိန်လည်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ထိုသို့သော အခြေအနေတွင် ဖလူးဒေသ၌ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများတွင် ၎င်း၏ တပ်ဖွဲ့ဝင်များပါဝင်ပတ်သက်မှု မရှိရန် DKBA သတိပေးတားမြစ်ချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) သည် NCA လက်မှတ်ရေးထိုးထားပြီး အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီး အရာရှိချုပ် စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ အမှတ် (၁) ကွပ်ကဲရေးမှူး စောထူးအောင်၊ နည်းဗျူဟာမှူး စောအောင်ထူး၊ စီးပွားရေးတာဝန်ခံ စောနေဘလု၊ ကုန်သွယ်ရေးဒုတိယဌာနမှူး စောမြင့်ဦးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေဒေသ တည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရနှင့် အတူတကွ လက်တွဲဖော်ဆောင်ရေး၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး၊ အကြမ်းဖက်အဖွဲ့များ နယ်မြေအတွင်းမရှိစေရေး၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ကျောက်ခတ်ဒေသရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းအဆင့်မြှင့်နိုင်ရေး၊ ပြဋ္ဌာန်းစာအုပ်များ ထောက်ပံ့ပေးရေး၊ ကျောင်း ဆရာ ဆရာမများ ဖြည့်ဆည်းနိုင်ရေး၊ ကျေးရွာများတွင် ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ ဖြစ်ပွားနေသဖြင့် ကာကွယ်ဆေး၊ ကုသဆေးဝါးများ ထောက်ပံ့ပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group